DVB Logo
Home
မြန်မာသတင်း
ငွေပျောက်မှုကြောင့် မြန်မာအလုပ်သမားကို ထိုင်းရဲစခန်းက ရိုက်နှက်
DVB
·
March 1, 2013
ငွေပျောက်မှုကြောင့်  မြန်မာအလုပ်သမားကို ထိုင်းရဲစခန်းက ရိုက်နှက်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တရားမြို့မှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ၂ ဦးကို အလုပ်ရှင်က ငွေခိုးတယ်လို့ စွပ်စွဲပြီး ရဲလက်အပ်ရာမှာ ရဲက ရိုက်နှက်ဒဏ်ကြမ်းလွန်းလို့ မခိုးပေမယ့် ၀န်ခံပေးလိုက်ရတယ်လို့ ကာယကံရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က  ကုန်ပစ္စည်းတွေ လိုက်လံရောင်းချအပြီး ငွေအပ်တဲ့အခါမှာ ဘတ်ငွေ ၆ သောင်း လျော့နေတဲ့အတွက် သူတို့ကို အလုပ်ရှင်က ရဲလက်ထဲအပ်ခဲ့ပြီး ပတ္တရား ရဲစခန်းအချုပ်မှာ သေလုမြောပါး ရိုက်နှက် အတင်းဝန်ခံခိုင်းတာလို့ အရိုက်ခံရတဲ့  ဦးကျော်သိန်းက ပြောပါတယ်။

[caption id="attachment_37013" align="alignright" width="257" caption="လက်ကို ရဲက ပလာစတာနဲ့ပတ် ချည်နှောင်ပြီး နှိပ်စက်ပုံကို ဦးကျော်သိန်း ပြန်လည်ရှင်းပြနေစဉ် (Photo_ U Zaw Tika)"][/caption]

“ကျနော်က ဒီပိုက်ဆံလည်းမယူရဘဲ ကျနော့်ကိုပါ ဆွဲထည့်ပြီး ပိုက်ဆံဘယ်မှာ ဖွက်ထားလဲဆိုပြီး အတင်းမေးတယ်။ ၀င်တာနဲ့ခေါင်းစွပ်အမည်းနဲ့ မျက်နှာကိုစွပ်လိုက်တယ်။ ပလာစတာနဲ့ လည်ပင်းကို စွပ်ပြီးတော့၊ လက်ကိုပူးပြီး ပလာစတာနဲ့ ၃-၄ ပတ်လောက် ပတ်ပြီး ချည်ထားတယ်။ ဘေးမှာ ပလာယာလည်းထုတ်ထားတယ်၊ လက်သည်းကိုနုတ်ဖို့တဲ့။ ခြေတွေလက်တွေကို တက်နင်းတယ်ဗျ။ ရင်ဘတ်ကိုလည်း ကန်တယ်။ ကန်ချက်က ပြင်းလွန်းတယ်။ သူတို့ ၃-၄ ယောက်က တယောက်ဝင်လာလိုက် ခေါင်းကန်သွားလိုက်၊ ပခုံးကိုကန်လိုက်၊ ဗိုက်ကိုကန်လိုက် ဘောလုံးကန်သလို အဲလိုတွေလုပ်သွားတယ်။ ကျနော် အမေတွေဘာတွေ တပြီး ငိုတယ်။ မရဘူး ပြန်ချတယ်။ ဆံပင်ဆွဲတယ်။ လည်ပင်းကိုနင်းတယ်။ ပြန်ထခိုင်းသေးတယ်။ ကျနော့် နှလုံးကနာနေတယ်၊ ချောင်းဆိုးရင်တောင် မျက်ရည်ကျအောင်နာတယ်။ ”

ပတ္တရားမြို့ နားကေရပ်ကွက် ကုန်စုံဆိုင်ကနေ အချိုရည်ပစ္စည်းတွေကို လက်လီဆိုင်ငယ်တွေဆီ လိုက်လံရောင်းချတာမှာ  ထိုင်းလူမျိုးတဦးက ကားမောင်းပြီး၊ ထိုင်းစကားတတ်တဲ့ ရှမ်းအလုပ်သမားတဦးက  ငွေကိုင်ကြောင်းနဲ့ သူကတော့ ငွေလုံးဝမကိုင်ဘဲ  ကားစပယ်ယာနဲ့ ကုန်တင်ကုန်ချပဲ လုပ်တယ်လို့ ဆိုပါတယ်။

ငွေပျောက်တဲ့ကိစ္စမှာ ထိုင်းစကား လိပ်ပတ်လည်အောင် မပြောတတ်တဲ့သူက ပိုပြီးအနှိပ်စက်ခံရပြီး ကားမောင်းသူ ထိုင်းလူမျိုးကို ရိုက်တာ မတွေ့ရဘဲ  ငွေကိုင်သူကတော့  ခြေထောက်နဲ့ ၃ ချက်အကန်ခံရတယ်လို့ ဦးကျော်သိန်းက ပြောပါတယ်။

နှိပ်စက်ဒဏ် မခံနိုင်တော့တဲ့အတွက် ငွေလျော်ပေးမယ်လို့ ပြောခဲ့ပြီး သူတို့ ၃ ဦးလုံး ၁ ဦးကို ဘတ် ၂ သောင်းကျစီ ပေးလျော်ဖို့ အဲဒီညက လက်မှတ်ထိုးခဲ့ရတယ်လို့ ဆိုပါတယ်။

ငွေတွေချေးငှား ပေးလျော်ခဲ့ပြီး ရဲရိုက်တဲ့ဒဏ်ရာကို ဆေးခန်းသွားပြရာမှာ ဆရာဝန်က ရိုက်နှက်တဲ့ရဲကို တိုင်ချက်ဖွင့်ဖို့ ပြောပေမယ့် သူမှာ ဘာအထောက်အထားမှ မရှိတဲ့အတွက် အမှုမလုပ်ရဲဘူးလို့ ဆိုပါတယ်။

ဒီလိုမတရားခံခဲ့ရတာကို သူငယ်ချင်းအဆက်အသွယ်နဲ့  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကို  တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်သိန်းဟာာ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် ဘာအထောက်အထားမှ မရှိတဲ့အတွက် ရဲကို အရေးယူဖို့ ခက်ခဲကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ  ဦးကျော်သောင်းက ပြောပါတယ်။

“ကျနော်တို့ သူတို့ကိုသွားခေါ်ရတာ အရမ်းအန္တရာယ်များတယ်။ ဘုန်းကြီး ၁ ပါးနဲ့ လူ ၁ ယောက်နဲ့သွားပြီး သွားခေါ်လိုက်တော့ ပါလာကြတယ်။ မနေ့က သူတို့ကို အလုပ်သွင်းပေးလိုက်နိုင်တယ်။ မတရားညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုရာမှာ အလုပ်သမားက တရားဝင် ဘာအထောက်အထားမှမရှိတော့ အမှုကိစ္စဆက်လုပ်ဖို့က အလုပ်သမားမှာ တရားဝင်နေထိုင်ခွင့် ပတ်စပို့တို့လုပ်ဖို့ရာလည်း ပိုက်ဆံတို့ အချိန်တို့ ကြာဦးမှာဆိုတော့ နည်းနည်းခဲယဉ်းဦးမယ် ထင်တယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကို ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပြီး လက်ရှိအစိုးရလက်ထက်  မြန်မာသံရုံးနဲ့ ပူးပေါင်းပြီးတော့ အလုပ်သမားအရေးတွေ ဆောင်ရွက်နေပါတယ်။
အခုအခါ ၁ ရက်ကို အလုပ်သမားအမှု ၁၀ မှုခန့် လက်ခံရနေသလို အကြံဥာဏ်တောင်းလာသူကလည်း နေ့စဉ် ၂၀ ကနေ ၄၀ ဦးထိရှိကြောင်း၊ မြန်မာသံရုံးက အတိုင်းအတာတခုအထိ ဆောင်ရွက်ပေးနေပေမယ့် သန်းချီရှိတဲ့ အလုပ်သမားပြဿနာတွေ လျှော့ချဖို့တော့ မလွယ်ကူနိုင်သေးဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013