Home
မြန်မာသတင်း
ဝူဟန်ဗိုင်းရပ်စ်ဂယက်ကြောင့် မူဆယ်၊ နမ့်ခမ်းတွင် ရှမ်းအမျိုးသားနေ့ပွဲတော်များ ရုပ်သိမ်း
နန်းမြနဒီ
·
February 4, 2020

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ပိုးကယက်ကြောင့် တရုတ်နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရှမ်းအမျိုးသားနေ့/ရှမ်းပြည်နယ်နေ့ ပွဲတော်တွေကို ရုပ်သိမ်းလိုက်ပါတယ်။ 

မူဆယ်မြို့မှာ လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ၇၃ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကိုကျင်းပဖို့ မူဆယ်ရှိ ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းစာပေ ယဉ်ကျေးမှုအသင်း၊ ရှမ်းလူငယ်အဖွဲ့၊ လူမှုအဖွဲ့အစည်းနဲ့ ရပ်မိရပ်ဖတွေဟာ မနှစ် နှစ်ကုန်ပိုင်းကစ ကြိုတင်စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇန်နဝါရီလထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပြီး တရုတ်ပြည်မှာ အလုပ်သွားလုပ်တဲ့ ထောင်နဲ့ချီတဲ့လူတွေ ပြန်လည် ဝင်ရောက်လာတာကြောင့် ရောဂါကူးစက်မှု ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပွဲတော်ကို ရုပ်သိမ်းဖို့ ဇန်နဝါရီလ ၃၀ ရက်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင် စိုင်းတုမ်ခေါဝ်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ နိုင်ငံကလူတွေ တရုတ်ပြည်မှာ အလုပ်သွားလုပ်တာ သိန်းနဲ့ချီရှိတယ်။ အခုအဲဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ကနေ ပြန်လာကြတာ နေ့စဉ်ထောင်နဲ့ချီရှိပါတယ်။ အဲဒီရောဂါပိုးက ၁၄ ရက်ထိ ဘာလက္ခဏာမှမပြတော့ ဘယ်သူက ရောဂါရှိလဲ ဘယ်သူကမရှိဘူးလဲ ဆိုတာကို မသိနိုင်ဘူး။ ကျနော်တို့ ပွဲလုပ်ရင် ဒီဘက်က လူတွေရော၊ ဟိုဘက်ကပြန်လာတဲ့လူတွေရော ပွဲခင်းထဲမှာ ထောင်နဲ့ချီ ရောပြီးနေရင် ရောဂါတွေဘာတွေကူးမှာစိုးလို့ ကျန်းမာရေးအတွက်စိုးရိမ်လို့ ပွဲမ လုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါခင်ဗျ။”

ပွဲတော်ကျင်းပဖို့အတွက် ရံပုံငွေ ကျပ်သိန်းပေါင်း ၇၀ ကျော်ရရှိထားပြီး အဲဒီငွေတွေကို နောင်နှစ်ပွဲတော်ကျမှ အသုံးပြုသွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဒီရှမ်းအမျိုးသားနေ့ဟာ ရှမ်း လူမျိုးများအတွက်အရေးကြီးတဲ့သမိုင်းဝင်နေ့တနေ့ဖြစ်တဲ့အတွက်ကြောင့် မမေ့မလျော့ကြစေဖို့ အဲဒီ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ မူဆယ်တမြို့လုံး ရှမ်းအမျိုးသားနေ့အလံ စိုက်ထူဖို့ နှိုးဆော်ထားပြီး ရှမ်း အမျိုးသားနေ့အကြောင်းရေးသားထားတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေသွားမယ်လို့ စိုင်းတုမ်ခေါဝ်က ပြောပါတယ်။ 

အလားတူ တရုတ်နယ်စပ်မြို့တမြို့ဖြစ်တဲ့ နမ့်ခမ်းမြို့မှာလည်း ရှမ်းပြည်နယ်နေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ အခမ်းအနားကျင်းပဖို့ ပြင်ဆင်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပွဲတော် ရုပ်သိမ်းလိုက်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက ဖေဖော်ဝါရီလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အဆုတ်ယောင်ရောဂါကူးစက်မှုကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးတဲ့နောက် ပွဲဖြစ်မြောက်ရေးကော်မတီက အရေးပေါ် အစည်းအဝေးလုပ်ပြီး ဒီလိုအခြေအနေမှာ လူစုလူဝေးပွဲတော်ကျင်းပဖို့ မသင့်လျော်သလို ရောဂါပိုး ကူးစက်ပြန့်ပွားမှုကိုလည်း ဝိုင်းဝန်းကာကွယ်တဲ့အနေနဲ့ ပွဲတော်လုပ်မယ့်အစီအစဉ် ဖျက်သိမ်း လိုက်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။ 

ဒါ့အပြင် ပွဲဖြစ်မြောက်ရေးအတွက် ရံပုံငွေထည့်ဝင်ထားတဲ့ အလှူရှင်အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါရံပုံငွေတွေကို ဘဏ်မှာအပ်နှံထားပြီး နောင်နှစ်ပွဲတော်ကျမှ အသုံးပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ရှမ်းအမျိုးသားနေ့/ရှမ်းပြည်နယ်နေ့ကို  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့က အုပ်ချုပ်သူ ပဒေသရာဇ် ရှမ်းစော်ဘွားတွေနဲ့ အုပ်ချုပ်ခံ  ပြည်သူလူထုကိုယ်စားလှယ်တို့ တသားတည်း ပေါင်းစည်းပြီး ရှမ်းပြည်ကောင်စီဖွဲ့စည်းနိုင်တဲ့နေ့၊ ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး တောင်တန်းနဲ့ ပြည်မပူးပေါင်းပြီး ပင်လုံစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့တဲ့နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်သူပြည်သား အားလုံးနှင့်သက်ဆိုင်သော Shan National Day ရှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

 

ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာတော့ ရှမ်း အမျိုးသားနေ့အစား ရှမ်းပြည်နယ်နေ့ ဆိုတဲ့အမည်နဲ့သာ အခမ်းအနားတွေ ကျင်းပခွင့်ပြုခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024