ရန်ကုန် မန္တလေးလမ်း ကွန်ကရစ် ကတ္တရာ ခင်းမယ့် စီမံကိန်း ပယ်ချ

လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးကို ထပ်ပိုးကတ္တရာ အေစီ ခင်းမယ့် စီမံကိန်းကို လွှတ်တော်က ပယ်ချလိုက်ပြီး တင်ပြထားတဲ့ ဘတ်ဂျက်တွေ အားလုံးကိုလည်း ဖြတ်တောက်လိုက်ပါတယ်။ စီမံကိန်းရဲ့ ကဏ္ဍ ၃ ခုဖြစ်တဲ့ လမ်းခင်းတာ၊ ပြည်ပက ကုန်ကြမ်းနဲ့ စက်ကိရိယာတွေ တင်သွင်းတာ စတဲ့ စီမံကိန်း ၃ ခုပေါင်း ဘတ်ဂျက်ကျပ် သန်း ၉ ထောင်နီးပါး ဖြတ်တောက် လျှော့ချလိုက်တာ ဖြစ်ပါတယ်။ ထပ်ပိုးကတ္တရာခင်းမယ့် ဘတ်ဂျက်ကို ဖြတ်တောက်လိုက်ပေမယ့် လမ်း အလယ်ကျွန်းမှာ ဘယ်ရီယာ တပ်ဆင်ဖို့၊ under pass အထိ လမ်းတွေ ဖောက်ပေးဖို့၊ လမ်းတလျှောက်က ကျွဲနွား တိရစ္ဆာန်တွေ လမ်းပေါ် တက်မလာအောင် အကာအရံတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ဘတ်ဂျက် တွေကိုတော့ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။ ရန်ကုန်- နေပြည်တော် လမ်းမကြီးဟာ လုပ်ငန်းမပြီးသေးတဲ့ ကွန်ကရစ် လမ်းကြမ်းဖြစ်ပြီး နှစ်စဉ် ကားမတော်တဆမှုကြောင့် လူ ၅၀ ကျော် သေဆုံးနေတဲ့ လမ်း ဖြစ်ပါတယ်။

//
More News
Up