ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ပြတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ဧက ၂၂၀ မှာ တည်ဆောက်မယ့် ဧရာဝဏ်နဲ့ ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း၂ ခု အခြေခံ အဆောက်အဦတွေ တည်ဆောက်ရာမှာ သုံးဖို့ ကျပ်ငွေ သန်းပေါင်း ၆ သောင်း သုံးစွဲခွင့်ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။
၁၈ ထပ် အဆောက်အဦ ၄၈ လုံးပါဝင်ပြီး အိမ်ထောင်စု ၂ သောင်းကို နေရာချထား ပေးနိုင်မယ့် ဒီစီမံကိန်းအတွက် ကုန်ကျငွေကို အစိုးရက ကျခံ သုံးစွဲပေးရင် တိုက်ခန်းတွေရဲ့ ဈေးနှုန်းဟာ ကျပ် ၁၈၄ သိန်း မဟုတ်တော့ဘဲ ကျပ် ၁၂၅ သိန်းပဲ ကျသင့်တော့မယ့်အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။
အစိုးရက ကျခံမယ့် ဒီ ငွေတွေကို တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရဲ့ လမ်း၊ ရေမြောင်း၊ ရေနဲ့ မီးရရှိရေး၊ဈေး၊ ကျောင်း၊ ဆေးရုံနဲ့ ဘတ်စ်ကားဂိတ် စတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ သုံးမယ်လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။