Home
မြန်မာသတင်း
တပ်မတော်က တရားစွဲထားသည့် ရှေ့နေ ဦးကြီးမြင့် အပါအဝင် ၂ ဦးကို အာမခံပေး
DVB
·
February 4, 2020
တပ်မတော်ကတရားစွဲထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာ စောဝေ တို့ကို တနင်္သာရီတိုင်း ကော့သောင်းတရားရုံးမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်စဉ် အာမခံလျှောက်ထားရာမှာ တဦးကို ကျပ်သိန်း ၅၀ စီနဲ့ အာမခံရရှိခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က “ကျနော်တို့ ဒီနေ့ အာမခံရပါတယ်။ ဒီ ၅၀၅( က)မှာ ကျောင်းသားလေးတွေကအစပေါ့လေ အများသောအားဖြင့်ကတော့ အာမခံ မရခဲ့ပါဘူး။ ကျနော်ကတော့ အသက်အရွယ်ကြီးလို့ ကျန်းမာရေးအတွက် လုံလောက်စွာပြနိုင်ခဲ့တယ်။ ဒီလိုပြနိုင်တာဖြစ်ဖြစ် မပြနိုင်တာဖြစ်ဖြစ် ဒီဥပဒေကိုတော့ ပြင်သင့်တယ်လို့ ထင်တယ်။ ဒီဥပဒေပြင်မှ တရားမျှတပြီးတော့ ဒါဟာ နှစ်ပေါင်း  တစ်ရာကျော်က ဥပဒေကြီးဗျ။ ဒါကြီးကိုပြန်ပြီးတော့ လွှတ်တော်ကနေ အာမခံပေးသင့်တဲ့ ပုဒ်မအဖြစ် ပြောင်းစေချင်တယ်”လို့ ပြောပါတယ်။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က “ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အမှန်တရားနဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည့်မတ်ဖို့အတွက် ကော့သောင်းသူ ကော့သောင်းသားများနဲ့ အတူတကွ ညီညွတ်ပြီး တရားစီရင်ရေး မဏ္ဍိုင်ကြီးတည့်မတ်ခိုင်မာဖို့ အစကနဦးဖြစ်တဲ့ တွန်းအားတွေ တည်ဆောက်ကြရအောင်။ စီရင်ထုံးအသစ်တွေနဲ့အညီ နှစ်ပေါင်းများစွာ ပြည်သူတွေဟာ အမှန်တရား ပျောက်ကွယ် အနိုင်ကျင့်ခံ အဖိနှိပ်ခံဖြစ်ခဲ့တဲ့ အခြေအနေကနေပြီးတော့ အမှန်တရားအတိုင်း တည်ဆောက်ကာကွယ်နိုင်တယ် ဆိုတဲ့ ခွန်အားတွေက တကယ့်အချုပ်အခြာအာဏာပိုင်ရှင်ဟာ ပြည်သူတွေဖြစ်တယ်ဆိုတဲ့ တင်ပြချက်တွေကို ဒီတရားစီရင်ထုံးကနေ တည်ဆောက်ကြရအောင်”လို့ လာရောက်၀န်းရံသူတွေကို ပြောပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ပြီးခဲ့တဲ့နှစ် ဧပြီ ၃ ရက်က ကော့သောင်းမြို့မှာပြုလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပွဲမှာ ဟောပြောခဲ့တဲ့အကြောင်းအရာတွေဟာ တပ်မတော်နဲ့ တပ်မတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး  တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ ကော့သောင်းမြို့နယ်တရားရုံးမှာ အောက်တိုဘာ ၁၇ ရက်က စတင် တရားစွဲဆိုခဲ့တာပါ။ တရားခွင်ကို ရောက်ရှိလာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေနဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် တို့ကို ကော့သောင်းမြို့ခံတွေက လာရောက်ဝန်းရံခဲ့ကြပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။  သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024