ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာမှာ နေတဲ့ ဘင်္ဂါလီအမျိုးသမီးတွေကို အေအေအဖွဲ့ဝင်တွေက မုဒိမ်းပြုကျင့်ပြီး ရွာသူရွာသားတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ တပ်မတော်က ပြောဆိုလိုက်ပြီး မဟုတ်မှန်ကြောင်း အေအေအဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
“ဘုရားပြင်သိန်းတန်ကျေးရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့က အေအေ အကြမ်းဖက်သောင်းကြမ်းသူ လေးယောက်ရောက်ရှိလာပါတယ်။ ရောက်ရှိလာပြီးတော့ ကျေးရွာမှာနေတဲ့ ဘင်္ဂါလီအမျိုးသမီးတွေကို မဖွယ်မရာ မုဒိမ်းပြုကျင့်တာတွေ ရိုက်နှက်ခဲ့တာတွေကို လုပ်ဆောင်ခဲ့တယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒါ့အပြင် ညနေ ၄ နာရီလောက်မှာ အေအေအဖွဲ့ဝင် ၃၀ လောက် ထပ်မံရောက်ရှိလာပြီး ရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့သလို ရွာသားတွေကို ရိုက်နှက်ခဲ့တယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
အဆိုပါစွပ်စွဲချက်ဟာ မြန်မာတပ်မတော်ရဲ့ စက်ဆုပ်ဖွယ်ရာစွပ်စွဲချက်ဖြစ်ပြီး မဟုတ်မှန်တဲ့အတွက် ပြတ်သားစွာငြင်းဆိုတဲ့အကြောင်း ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) ဆုံးဖြတ်ချက်ထွက်လာပြီးနောက် မြန်မာတပ်မတော်အနေနဲ့ သူ့ရဲ့ အကျပ်အတည်းကို ရှောင်လွှဲလိုတာနဲ့ ကျူးလွန်တဲ့အမှုတွေကို သက်သေဖျောက်ဖျက်လိုတာကြောင့် အေအေအဖွဲ့အပေါ် အပြစ်ပုံချ မဟုတ်မမှန်စွပ်စွဲနေတာလို့ လည်း အေအေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရွာသူရွာသားတွေက ဒေသနဲ့ နီးစပ်တဲ့ တပ်မတော်စစ်ကြောင်းကို စာရေးသားပေးပို့ပြီး အကူအညီတောင်းခံခဲ့တဲ့အတွက် တပ်မတော်အနေနဲ့ သွားရောက် ကူညီဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။