အခြေခံပညာစာမေးပွဲများကို ၁၀ တန်းစာမေးပွဲမတိုင်ခင် စစ်ဆေးရန် သဘောတူ
DVB
·
February 4, 2020
အခြေခံပညာအဆင့် ကျောင်းတွင်းစာမေးပွဲတွေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်ခင် အရင်အတိုင်း အပြီးစစ်ဆေးပေးဖို့ ပညာရေးဝန်ကြီးက သဘောတူ လက်ခံလိုက်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ပြောပါတယ်။
ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးတို့ လွှတ်တော်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြရာကနေ အခုလို သဘောတူညီမှုရရှိခဲ့တာပါ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြတောင်းဆိုချက်တွေအရ အစိုးရစစ်ဖြစ်တဲ့ ၄ တန်းနဲ့ ၈ တန်း စာမေးပွဲတွေကို ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ်လ ၃ ရက် နေ့အထိ မူလသတ်မှတ်ချက်အတိုင်း စစ်ဆေးမှာဖြစ်ပြီး အခြားအတန်းတွေရဲ့ ကျောင်းတွင်းစာမေးပွဲတွေကိုတော့ မတ်လ ၄ ရက်ကနေ ၁၀ ရက်နေ့အတွင်း အပြီးစစ်ဆေးပေးဖို့ ပညာရေးဝန်ကြီးက သဘောတူခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ပြောပါတယ်။
“အစ်မတို့ နောက်ဆုံး ဆွေးနွေးလိုက်တဲ့ အဖြေတခုကတော့ ၄ တန်းနဲ့ ၈ တန်း စာမေးပွဲတွေကို သတ်မှတ်ထားတဲ့ ဒီလက်ရှိအတိုင်းပဲ စစ်မယ်။ ဆယ်တန်းစာမေးပွဲကလည်း ဒီရက်ပဲ၊ ကျောင်းတွင်းစာမေးပွဲတွေကို ဆယ်တန်းစာမေးပွဲ မဖြေခင်မှာ စစ်မယ်။ နောက်ဆုံးတော့ အဲဒီအခြေအနေကို သဘောတူလိုက်တယ်”
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ပညာရေးဝန်ကြီးက စာသင်ကာလ တိုးမြှင့်ဖို့အတွက် မူလကတည်းက သတ်မှတ်ထားပြီး ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ည်း အကောင်အထည်ဖော်ရမယ့် အောက်ခြေအဆင့်အထိ မရောက်ခဲ့ရသလို ပြည်သူလူထုကလည်း သိရှိခဲ့ခြင်းမရှိတဲ့အတွက် အခုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုရတာဖြစ်တယ်လို့ဆိုပါတယ်။
ပညာရေးဝန်ကြီးရဲ့ အခုလို ကျောင်းတွင်းစာမေးပွဲသတ်မှတ်ချက် ပြင်ဆင်ဖို့ သဘောတူညီမှုဟာ အခုပညာသင်နှစ်တခုတည်းအတွက်သာ ဖြစ်တယ်လို့လည်း ဒေါ်အိအိပြုံးက ပြောပါတယ်။
“ဆွေးနွေးညှိနှိုင်းမှုတွေ သေချာလုပ်ရမယ်။ အားလုံးစီမံပြီးတော့မှ ပြုပြင်ပြောင်းလဲရေး ကိုလုပ်ရမယ်ဆိုတဲ့ အခြေအနေမျိုးလေးတွေနဲ့ ဆွေးနွေးကြတာပါ။ အဲဒီတော့ ဒီနှစ် တနှစ်တည်း အတွက်ကိုပဲ ပြောတာပါ။”
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်းမှာ ပညာရေးဝန်ကြီးဌာနက အခြေခံပညာအဆင့်တွေရဲ့ စာသင်ကာလကို တိုးမြှင့်ခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာလအတွင်းမှာ ကျောင်းတွင်းစာမေးပွဲတွေကို မတ်လကုန်ပိုင်းလောက်မှာ ပြုလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။
အခြေခံပညာကျောင်းတွေမှာ စာသင်ကာလတိုးမြှင့်လိုက်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံအနှံ့မှာ ကျောင်းသားသမဂ္ဂတွေနဲ့ ဆရာ/ဆရာမတွေရဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုတွေ ပြုလုပ်နေချိန်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)