Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်အကြောင်း မုံရွာမြို့က ဟိုတယ်လုပ်ငန်းရှင်များကို ပညာပေးဆွေးနွေး
Aung Ko Latt
·
February 3, 2020
84358480_1238212209717105_3105243883081039872_o
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ နိုင်ငံခြားဧည့်သည် အဝင်အထွက်ရှိတဲ့ မုံရွာမြို့က ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်တွေအတွက် ဗိုင်းရပ်စ်အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်က မုံရွာမြို့၊ ဂလောရီးယပ်စ်ဟိုတယ်မှာ ပြုလုပ်ပါတယ်။  ဒီအသိပညာပေး ဆွေးနွေးပွဲကို တိုင်းကျန်းမာရေးဦးစီးဌာနနဲ့ တိုင်းဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်းကျင်းပတာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနဲ့ ဟိုတယ်၊ တည်းခိုခန်း လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦးက "ကျနော်တို့ ဟိုတယ်ခရီးက လိုင်စင်ထုတ်ပေးထားတဲ့ ဟိုတယ်၊ တည်းခိုရိပ်သာတွေမှာ နိုင်ငံခြားပြည်ပခရီးသွားတွေက တည်းခိုတာ များပါတယ်။ ဒီရောဂါပိုးကလည်း အများအားဖြင့် ပြည်ပခရီးသွားတွေဆီကနေ ပါလာပြီး ကူးစက်တာ ရှိတတ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေကို ဝန်ထမ်းတွေကို ကြိုတင် အသိပညာပေးရမယ်။ ပြီးတော့ ကာကွယ်နိုင်ရမယ်။ ဘာတွေ လုပ်သင့်တာတွေ လုပ်ရမယ်ဆိုတာတွေကို သိရှိသွားအောင် လမ်းညွှန်ချက်တွေလည်း ရှိတဲ့အတွက် ဒါကို အမြန်ဆုံး စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်။"လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် ကြေးနီစီမံကိန်းတွေမှာ တရုတ်နိုင်ငံသား ဝင်ထွက်မှုတွေနဲ့ပတ်သက်လို့ ဒေသတွင်းမှာ ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ စစ်ကိုင်းတိုင်းအတွင်းမှာ သံသယလူနာ တဦးမှ မတွေ့ရှိရသေးဘူးလို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မုံရွာဒေသတွင်းကို ခရီးသွားဝင်ရောက်မှုလည်း ထိခိုက်မှု အခုချိန်ထိ မရှိသေးဘူးလို့ သိရပါတယ်။  လတ်တလောမှာတော့ စစ်ကိုင်းတိုင်းရဲ့ နယ်စပ်ဝင်ထွက်ပေါက်ဖြစ်တဲ့ တမူးမြို့မှာလည်း နယ်စပ်ဂိတ်ပေါက် ၂ခုကနေ နေ့စဉ် ဝင်ထွက်နေတဲ့ လူဦးရေ ထောင်ဂဏန်းလောက်ကို ကျန်းမာရေး စစ်ဆေးနေပါတယ်။  ဝူဟန် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းမှာ ကော်မတီတွေဖွဲ့စည်းဆောင်ရွက်နေ သလို အရေးကြုံလာရင် လုပ်ဆောင်နိုင်ဖို့အတွက်လည်း သီးသန့်ပြင်ဆင်ထားကာ ပြည်သူလူထုကို အသိပညာပေးမှုတွေလည်း ညွှန်ကြားချက်အတိုင်းဆက်လက်ဆောင်ရွက်မယ်လို့ တိုင်းကျန်းမာ တာဝန်ရှိသူက ပြောဆိုပါတယ်။  ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေကလည်း သိလိုတာတွေ မေးမြန်းခဲ့ပြီး ကျန်းမာရေးဌာနက ပြန်လည်ဖြေကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024