ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ မိုးညှင်းရောက်
အေးနိုင်
·
February 28, 2013
ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို မိုးညှင်းမြို့နယ်သားတွေက အင်းတော်မြို့ နယ်ခြားစပ် နတ်စည်းအောင်အရပ်ကနေ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။
လမ်းလျှောက်အဖွဲ့ဟာ လမ်းခရီးက မော်ဟန်ဆိုတဲ့ရွာမှာ တထောက်နားရာမှာ ရွာခံတွေက ကျွေးမွေး ဧည့်ခံပါတယ်။ မော်ဟန်ရွာကနေထွက်ခွာလာပြီး မိုးညှင်းမြို့နဲ့ ၁၀ မိုင်အကွာက ဆယ်မိုင်ရွာသစ်မှာ တညနားပါတယ်။ ဒီနောက် မိုးညှင်းမြို့ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ရောက်ရှိပြီး သူတို့ကို ကြိုဆိုတဲ့ မြို့ခံတွေက ပညာရောင်ခြည်စာသင်တိုက်ကို ပို့ဆောင်ကြပါတယ်။
ချီတက်လမ်းလျှောက်သူဟာ သံဃာတော် ၁၆ ပါး၊ သီလရှင် ၁ ပါး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်အမျိုးသား စုစုပေါင်း (၁၁၀) ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ မနေ့ညက မိုးညှင်းမှာညအိပ်တော့ သူတို့အထဲက ၃ ဦး ဆေးရုံတက်ခဲ့ရသေးတယ်လို့လည်း သူက ပြောပါတယ်။
“မျက်နှာအမူအရာတွေကြည့်ရတာတော့ စိတ်ဓာတ်အရ ရွှင်လန်းတက်ကြွနေပေမယ့်လို့ တော်တော် ခရီးပန်းလာပုံပေါက်တယ်။ မိုးညှင်းရောက်လာတဲ့အခါ ရဟန်း ၁ ပါးနဲ့ လူ ၂ ဦး ဆေးရုံတက်ရသေးတယ်။ ပင်ပန်းတဲ့သဘောပါ။ ရဟန်းက ခြေထောက်တော်တော်နာနေပုံပေါ်တယ်။ ပတ်တီးတွေ စည်းထားရတယ်။ ဒါကြောင့် တညနားပြီး ဒီနေ့ထွက်တော့ ချိုင်းထောက်နဲ့ လှုပ်လှုပ် လှုပ်လှုပ်နဲ့သွားတယ်။ ဘဘကတောင် အရှင်ဘုရား ပိုဆိုးသွားလိမ့်မယ်၊ ကားပေါ်ကိုဖြစ်ဖြစ် ကြုံတဲ့နေရာမှာတက်ပါဆိုတော့ ရတယ် ဒကာကြီးတဲ့။”
အဲဒီညမှာပဲ လမ်းလျှောက်သူတွေက မိုးညှင်းမြို့မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ဆုံအားပေး လှူဒါန်းတယ်လို့ မိုးညှင်းမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်သဘာပတိအဖွဲ့ဝင် ဦးဖေစိန်က ပြောပါတယ်။
“မိုးညှင်းမှာ စစ်ဘေးရှောင်ကချင်မိသားစု လူဦးရေ ၃၀ ကျော်လောက်ရှိတဲ့ ရိုမန်ကတ်သလစ်ဘာသာဝင်တွေရဲ့ ဘုရားရှိခိုးကျောင်းမှာ ညဘက်သွားပြီး အကူအညီသွားပေးပါသေးတယ်။ အဲဒါပြီး ညအိမ်ပြီးမှ ဒီနေ့မနက် နမ်းမားကျေးရွာဘက်ကို ထွက်သွားတယ်။”
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲပြီးငြိမ်းချမ်းဖို့ မိုင်ရာပေါင်းများစွာ ချီတက်လမ်းလျှောက်သူတွေကို ကျေးဇူးတင်ပါတယ်လို့  ဦးဖေစိန်က ပြောပါတယ်။
“ဒီသတင်းဆိုးတွေကို သူတို့ကကြားရပြီး ပြည်တွင်းစစ်ရပ်စေချင်လို့၊ ဒုက္ခသည်တွေကို စာနာလို့ ဇွဲသန်သန်နဲ့ လာကြတယ်လို့ နားလည်ပါတယ်။ မျက်မြင်မဟုတ်ဘဲနဲ့ အဝေးကတောင် လာကြတယ်ဆိုတော့ ဘဘတို့အနေနဲ့ အထူးသဖြင့် ကျေးဇူးတင်တာပေါ့။ ဘဘတို့က ဒီပြည်နယ်ထဲရှိနေတော့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတာတွေရှိတော့ ဒါကြီးကို ပိုပြီး ရပ်စေချင်တာပေါ့။”
လမ်းလျှောက်ချီတက်အဖွဲ့ဟာ နောက်နေ့ကျရင် ဟိုပင်မြို့နဲ့ မိုးကောင်းမြို့တွေဘက်ကို ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားကြပါတယ်။