အိုက်စ်မူးယစ်ဆေးသယ်လာသည့် မြန်မာမိန်းကလေးကို မယ်ဆိုင်တွင် ဖမ်းမိ
DVB
·
February 3, 2020
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊မယ်ဆိုင်မြို့ထဲမှာ အိုက်စ်မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ မြန်မာမိန်းကလေးနဲ့အဖော်ဖြစ်သူ ထိုင်းအမျိုးသား ၁ ယောက်ကို တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မယ်ဆိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီ ၂ ရက်က မယ်ဆိုင်မြို့ ဖဟွန်ယိုး ထင်းလမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် မယ်ဆိုင်အဝေးပြေးကားဂိတ်ကိုသွားမယ့် အငှား ဆိုင်ကယ်တစီးကို မသင်္ကာတာကြောင့် တားဆီးစစ်ဆေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်က သတင်းထောက်ကို ပြေ်ပါတယ်။
အစပိုင်းမှာ ဆိုင်ကယ်မောင်းသူ အမျိုးသားနဲ့ နောက်ကလိုက်စီးလာတဲ့ အမျိုးသမီးကို အပြင်ပန်းရှာဖွေစစ်ဆေးပေမယ့် မသင်္ကာဖွယ် မတွေ့ရကြောင်း၊ အမျိုးသမီးရဲ့ရင်သားဟာ မူမမှန်ဘဲ လွန်ကဲစွာကြီးထွားနေလို့ ရဲမေက အင်္ကျီချွတ်ပြီး စစ်ဆေးရာမှာတော့ ရင်သားနေရာတဝိုက် ဆလိုတိပ်အကြည်နဲ့အထပ်ထပ်ပတ်ထားတဲ့ အထုတ် ၂ ထုတ် တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအထုတ် ၂ ထုတ်ထဲမှာ အိုက်စ်မူးယစ်ဆေးတွေ ထည့်ထားပြီး ၂ ထုတ်ပေါင်း ၁ ကီလိုဂရမ် အလေးချိန်ရှိကြောင်း၊ သူတို့ ၂ ယောက်ဟာ မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်း ပိဿနုလုတ်မြို့က မူးယစ်ဆေးအရောင်း ကိုယ်စားလှယ် ၁ ဦးဆီ ပို့ပေးဖို့ ၁ ယောက်ကို ဘတ် ၅ သောင်းနဲ့အငှား သယ်ပေးခဲ့ကြောင်း၊ သယ်ခငွေတွေကိုတော့ ပစ္စည်းတွေရောက်မှ ရမယ်လို့ ဆိုပါတယ်။
မိန်းကလေးမှာ အသက် ၂၉ နှစ်ရွယ်ရှိ နန်းဗိုငင်းဆိုသူ မြန်မာနိုင်ငံသူ၊ အမျိုးသားမှာ ချင်းရိုင်းခရိုင် မဲ့ဆွေမြို့တွင်နေထိုင်သူ အသက် ၃၆ နှစ်ရွယ် နိုင်းရိန်းဆဒ်ဆီလိုတ်ဖြစ်ပြီး မူးယစ်ဆေးတွေကို မြန်မာဘက်ခြမ်း တာချီလိတ်ကနေ သယ်လာခဲ့ကြောင်း၊နန်းဗိုငင်းမှာ ကော့ဆိုင်းဘုန်းကြီးချောင်းဘေး မယ်ဆိုင်ချောင်းကနေ ခိုးဝင်လာပြီး နိုင်းရိန်းဆဒ်ဒီကတော့ ချစ်ကြည်ရေးတံတားအမှတ် ၁ ပေါ်ကနေ ဝင်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးလုံးကို ရဲတပ်ဖွဲ့က ပြင်းထန်အဆင့် ၁ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး နန်းဗိုငင်းမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထားမရှိတဲ့ အတွက် တရားမဝင် နိုင်ငံထဲ ခိုးဝင်မှုနဲ့ပါ ထပ်ပြီး အရေးယူခံရမှာဖြစ်ကြောင်း၊ ကွင်း ဆက်တွေလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ မယ်ဆိုင်ရဲတပ်ဖွဲ့က ပြောသွားပါတယ်။