မြဝတီမြို့တွင် ဗုံးပေါက်ကွဲ၊ အမျိုးသား ၂ ဦး ဒဏ်ရာရ
DVB
·
February 3, 2020
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက် အာရှလမ်းမကြီးပေါ်ရှိ နေအိမ် တလုံးရှေ့မှာ ဒီနေ့ မနက်ပိုင်း မိုင်းပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသား ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဒီနေ့ မနက် ၇ နာရီ မိနစ် ၅၀ ခန့်လောက်က မြဝတီမြို့နေ ဦးတင်မြင့်ရဲ့ နေအိမ်ရှေ့မှာ တွေ့ရှိတဲ့ အထုပ်တထုပ်ကို ရှင်းလင်းရာကနေ ပေါက်ကွဲခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်မှန်ပြတင်းတံခါးတွေကွဲပျက်သွားသလို အိမ်ရှင် ဦးတင်မြင့် အသက် ၆၂ နှစ်နဲ့ အငှားဆိုင်ကယ်မောင်းသူ ဦးစိန်လင်း အသက်၅၉ နှစ်တို့ ဒဏ်ရာရပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေရပါတယ်။
အခင်းဖြစ်နေရာမှာ မြဝတီမြို့ ရှေ့တန်းမှူး ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တို့က စစ်ဆေးနေပြီး ဒီဗုံးပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။
သတင်း-ဓာတ်ပုံ- ဖိုးစီ