မကွေးတိုင်း ဆည်တမံ ၁၉ ခုမှ နွေစပါးနှင့်နွေသီးနှံ စိုက်ဧက ၁ သိန်းကျော်ကို ရေစတင်ပေးဝေ
DVB
·
February 2, 2020
မကွေးတိုင်းအတွင်း ဆည်မြောင်းတမံ ၁၉ ခု နွေစပါးနဲ့ နွေသီးနှံစိုက်ပျိုးဖို့ စိုက်ဧက ၁ သိန်းကျော်ကို ရေစတင် ပေးဝေနေပြီလို့ မကွေးတိုင်း ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က ပြောပါတယ်။
“တောင်သူတွေရဲ့ လိုအပ်ချက်အရ နွေစပါး၊ နွေနှမ်းနဲ့ အခြားသီးနှံတွေ စိုပ်ပျိုးမှုအပေါ် ဆွေးနွေးပြီးမှ လျာထားချက်တွေလုပ်တယ်၊ ရေလိုအပ်ချက် ပမာဏပေါ်မူတည်ပြီးမှ နွေစပါး၊ နွေနှမ်းနဲ့ အခြားသီးနှံအတွက် ဆည်ရေဘယ်လောက် ပေးဝေနိုင်ရေးလျာထားတာပါ။ လက်ရှိ ဆည်တမံ ၁၉ ခု ကနေ နွေစပါးစိုက်ဧက ၂၇၂၀၈ ဧက၊ နွေနှမ်းစိုက်ဧက ၇၈၁၈၀ ဧကနဲ့ စုစုပေါင်းစိုက်ဧက ၁ သိန်းကျော်ကို ရေပေးဝေသွားမှာ။”
မကွေးတိုင်းအတွင်းရှိ နွေစပါးနဲ့ နွေနှမ်းအခြားသီးနှံ စိုက်ပျိုးမှုအတွက် စက်တင်ဘာ ၁၅ ရက်နေ့မှာ ဆဒ္ဒန်တမံနဲ့ စွန်းချောင်းတမံ၊ စက်တင်ဘာ ၂၃ ရက်နေ့မှာ နတ်မောက်တမံနဲ့ ဘွက်ကြီးတမံ၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကင်ပွန်းတောင်တမံ၊ ရန်ပယ်တမံ၊ ကျောက်တံခါးတမံနဲ့ မဒေးတမံ၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဝန်ချောင်းတမံနဲ့ ဝန်လိုတမံ၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မန်းချောင်းတမံ၊ မုန်းချောင်းတမံ၊ ကြီးအုံကြီးဝတမံ၊ စလင်းတမံနဲ့ မဒဲတမံ၊ မတ်လ ၁ ရက်နေ့မှာ ရင်းရှည်တမံနဲ့ သီးခြောက်ရေတံခါး၊ မတ်လ ၅ ရက်နေ့မှာ ဆင်ချောင်းတမံ၊ မတ်လ ၁၅ ရက်နေမှာ ကြက်မောက်တမံ တို့ကနေ စိုက်ပျိုးရေ ပေးဝေသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက နွေစပါး စိုက်ဧက ၅ သောင်းကျော်၊ နွေနှမ်းနဲ့ အခြားသီးနှံ စိုက်ဧက ၅ သောင်းကျော် ရှိခဲ့ကာ အခုနှစ်မှာ နွေစပါးစိုက်ဧက လျော့နည်းပြီး နွေနှမ်းနဲ့ အခြားသီးနှံ တိုးလာနေကြောင်း၊ တောင်သူတွေအနေနဲ့ ရေလိုအပ်ချက်နည်းလာပြီး အမြတ်အစွန်းကျန်တဲ့ နွေနှမ်းကို အဓိကစိုက်ပျိုးလာတာ တွေ့ရတယ်လို့ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က ရှင်းပြပါတယ်။
ကိုလင်း(ချောက်)