Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃ ဦးကို စောင့်ကြပ်ကုသပေးနေဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃ ဦးကို စောင့်ကြပ်ကုသပေးနေဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
DVB
·
February 2, 2020
ရန်ကုန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ ၃ ယောက်ကို စောင့်ကြပ်ကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အခုနေ့လယ်မှာ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ၊ ဂျယ်ခေါင်မြို့ကနေ ဇန်နဝါရီ ၂၀ ရက်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ပြန်ရောက်လာတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဖျားတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှုကြပ်တဲ့ ရောဂါလက္ခဏာတွေ တွေ့ရလို့ သံသယလူနာအဖြစ် သတ်မှတ်ပြီး မင်းပြားဆေးရုံ သီးသန့်ခန်း (Isolation ward) မှာ ထားပြီး လိုအပ်တဲ့ ဆေးကုသမှုတွေပေးပြီး စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၉ ရက်က တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ကနေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ မိသားစုက အသက် ၁ နှစ် ၂ လအရွယ် ကလေးငယ်မှာ ဖျားတာ၊ ချောင်းဆိုးတာ ရောဂါလက္ခဏာတွေနဲ့ ကျိုင်းတုံမြို့က ပုဂ္ဂလိကဆေးခန်းကို လာရောက်ပြသခဲ့ပါတယ်။ အဲဒီကလေးငယ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျိုင်းတုံပြည်သူ့ဆေးရုံက သီးခြားခန်းမှာ ထားရှိကုသနေပြီး လူနာက သက်သာကောင်းမွန်နေသလို မိသားစုဝင် ၅ ယောက်မှာလည်း ရောဂါလက္ခဏာ တစုံတရာ မရှိပေမယ့် စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့က ပုဂ္ဂလိကဆေးရုံတခုကို ဖျားတာ၊ ချောင်ဆိုး သွေးပါတာ၊ အသက်ရှူကြပ်တာ ရောဂါလက္ခဏာတွေနဲ့ အသက် ၁၅ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား ကလေးငယ်တယောက် လာရောက်ပြသတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနဲ့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနတို့ကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ ပြည့်သူ့ကျန်းမာရေးပညာရှင်တွေက လူနာရောဂါရာဇဝင်နဲ့ ခရီးသွားရာဇဝင်ကို သုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ်ပြီး ဝေဘာဂီဆေးရုံကြီးကို ချက်ချင်း လွှဲပြောင်းကုသပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သက်ဆိုင်ရာဆေးရုံတွေ၊ ဓာတ်ခွဲဌာနတွေဟာ လူနာတွေဆီက နှာခေါင်းတို့ဘတ် နမူနာ (Nasopharyngeal Swab)တွေ ရယူပြီး၊ ညွှန်းပို့ ဓာတ်ခွဲခန်းတွေဆီ ပေးပို့ စစ်ဆေးနေပြီး ရောဂါအတည်ပြုချက်ရပြီးရင် ချက်ချင်း သတင်းထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၃၀၄ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ၁ ယောက် စုစုပေါင်း ၃၀၅ ယောက် ရှိသွားပြီလို့ သိရပါတယ်။