DVB Logo
Home
မြန်မာသတင်း
အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုကြောင်း အမျိုးသမီးများအဖွဲ့ချုပ် ထုတ်ပြန်
DVB
·
February 28, 2013
အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုကြောင်း အမျိုးသမီးများအဖွဲ့ချုပ် ထုတ်ပြန်
Donate to DVB

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုကြောင်း ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၇ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ သတ္တမအကြိမ်မြောက် ညီလာခံက  နိုင်ငံရေးသုံးသပ်ချက် အစီရင်ခံစာ၊ အဖွဲ့လုပ်ငန်းစဉ်အစီရင်ခံစာတွေပေါ် မူတည်ပြီး  သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ကို အသိအမှတ်ပြုကြောင်း ကြေညာလိုက်တာလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  စောစံငြိမ်းသူက  ပြောပါတယ်။

“အသိအမှတ်ပြုတယ်ဆိုတာ ပြောင်းလဲမှုဖြစ်နေတယ်ဆိုတာကို မလွှဲမရှောင်သာ ကျမတို့က အသိအမှတ်ပြုရမှာပဲ။ အဲဒီ ပြောင်းလဲမှုကတဆင့် စစ်မှန်တဲ့၊ အနှစ်သာရရှိတဲ့ တိုးတက်ပြောင်းလဲမှုတွေဖြစ်လာဖို့ ဘက်ပေါင်းစုံကနေ တွန်းအားပေးရမယ်။ အစိုးရထဲမှာပါနေတဲ့ အ၀ိုင်းအ၀န်းတွေအားလုံးကို တွန်းရမယ်။ ဒီမိုကရေစီနိုင်ငံဖြစ်နေပြီ၊ ငြိမ်းချမ်းရေးလမ်းကြောင်းကိုဖော်ဆောင်နေပြီ ဆိုပြီး အစိုးရကဦးဆောင်ပြောနေတဲ့ စကားတွေ ရှိတယ်။ ဒါပေမယ့် တဖက်မှာလည်း နယ်စပ်ဒေသတလျှောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေးတယ် ဆိုတာကို ဒါတွေကိုလည်း ထောက်ပြရင်းနဲ့ တကယ်တိုးတက်ပြောင်းလဲတဲ့အနေအထားအထိ ဖြစ်လာဖို့ ဘက်ပေါင်းစုံကနေ လုပ်ဆောင်သွားရမယ် ဆိုတာမျိုးပေါ့။”

ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ရေး သဘောတူလက်မှတ် ရေးထိုးနေပေမယ့်လည်း တဘက်က လက်နက်စစ်အင်အား တိုးချဲ့နေတာ၊ တိုင်းရင်းသားဒေသမှာ တိုက်ပွဲတွေ ရှိနေသေးတာတွေကတော့ ငြိမ်းချမ်းရေးအတွက် အဟန့်အတားတွေ ဖြစ်နေကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲစတင်နိုင်ဖို့ အလားအလာကောင်းတွေလည်း လိုအပ်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာ၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေလည်း ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံး မလွတ်မြောက်သေးကြောင်း၊ မြေသိမ်းပြဿနာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဥပဒေအရ ကာကွယ်ပေးနိုင်မှု နည်းနေသေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေအောက်မှာ အမျိုးသမီးအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တဘက်တလမ်းက ဆက်လက် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

အမျိုးသမီးများအတွက်  နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေးလုပ်ငန်း၊ ငြိမ်းချမ်းရေးလမ်းစဉ် အထောက်အကူပြုရေး လှုပ်ရှားမှုတွေကိုလည်း ဆက်လုပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှာ  မြန်မာ ၊ ကချင် ၊ ကရင်၊ ကရင်နီ ၊ ကယန်း ၊ ရှမ်း၊ ထားဝယ် ၊ ရခိုင် ၊ လားဟူ ၊ ပအိုဝ်း ၊ ပလောင် ၊ ကူကီး စတဲ့ အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ပါဝင်ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလက ထိုင်း-မြန်မာနယ်စပ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013