ထိုင်းတွင် ကိုရိုနာဗိုင်းရစ် ကူးစက်ခံရသူ ၅ ဦး ထပ်မံတွေ့ရှိ

thairath
ထိုင်းနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၅ ဦး တွေ့ရှိတယ်လို့ ထိုင်းအမျိုးသားကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။  အရင်က ၁၄ ဦး တွေ့ရှိခဲ့ပြီး နောက်ထပ် ၅ ဦးတွေ့တဲ့အတွက် စုစုပေါင်း ၁၉ ဦး ရှိသွားပြီဖြစ်ကြောင်း၊ အဲဒီထဲက ၇ ဦးမှာ သက်သာလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ရာ လက်ရှိ ဆေးရုံမှာ ၁၂ ဦး ဆေးကုသမှု ခံယူနေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဆုခုမ်ကန်ကျနဖိမိုင်က သတင်းထောက်တွေကို ပြောပါတယ်။  ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေအားလုံးမှာ တရုတ်ပြည် ဟူဘေးပြည်နယ် ဝူဟန်မြို့က လာတာဖြစ်ပြီး တချို့က ဝူဟန်မြို့ဒေသခံ မဟုတ်ပေမယ့် ဒီမတိုင်ခင်က အဲဒီမြို့ကို သွားခဲ့ဖူးတဲ့သူ တွေ ဖြစ်ကြောင်း၊ တရုတ်ပြည်ကနေ လာတာမဟုတ်ဘဲ ထိုင်းမှာနေရင်း ကူးစက်ခံရတဲ့ ၁ ယောက်ကတော့ ဘန်ကောက်က တက္ကစီကားမောင်းသမား ထိုင်းအမျိုးသား ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။  အဆိုပါ တက္ကစီမောင်းသမားမှာ လွန်ခဲ့တဲ့အပတ်က နေမကောင်းတဲ့ တရုတ်ခရီးသွား အမျိုးသမီး ၁ ဦးကို ဆေးရုံလိုက်ပို့ခဲ့ပြီး အဲဒီနောက် သူလည်း သိပ်နေမကောင်းလို့ ကားမထွက်ဘဲ အနားယူခဲ့ကြောင်း၊ ဆေးရုံကိုသွားပြရာမှာ ဆရာဝန်တွေက သံသယရှိ လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲကြည့်ရာမှာတော့ သူဟာ ကိုရိုရာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတာ အတည်ပြုခဲ့တယ်လို့ ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။  တက္ကစီမောင်းသမား လိုက်ပို့ပေးတဲ့ လူနာတရုတ်အမျိုးသမီးကတော့ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။  အခုလို ကိုရိုနာပိုးရှိသူတွေ ထပ်မံတွေ့ရှိလာတာကြောင့် ရောဂါစစ်ဆေးကုသမှု၊ ကာကွယ်မှုတွေ ပိုပြီးအရှိန်အဟုန်မြှင့် တင်းကျပ်ထားတယ်လို့ ဒေါက်တာဆုခုမ်ကန်ကျနဖိမိုင်က ပြောပါတယ်။ အသစ်တွေ့တဲ့ လူနာ ၅ ဦးအနက် ၁ ဦးမှာ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့က အသက် ၂၈ နှစ်ရွယ် တရုတ်ခရီးသွားဧည့်သည် ၁ ဦးဖြစ်တယ်လို့ ချင်းမိုင်ခရိုင်ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။  အဲဒီဧည့်သည်ဟာ တရုတ်ပြည် ကျင်ကျွေမြို့က လာတယ်ဆိုပေမယ့် ဒီမတိုင်ခင် ဝူဟန်ကို သွားခဲ့ကြောင်း၊ နေမကောင်းသလိုဖြစ်တာနဲ့ ချင်းမိုင် မဟာရတ်ဆေးရုံကို ဇန်နဝါရီ ၂၁ ရက်မှာ လာရောက်ပြသခဲ့ပြီး သံသယရှိလူနာအဖြစ် သီးခြားကုသပေးနေရာမှာ ဓာတ်ခွဲခန်းကနေ ရောဂါပိုးရှိကြောင်း သိရှိရတယ်လို့ ချင်းမိုင်ခရိုင်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ကျတူးချိုင်း မဏီးရတ်က သတင်းထောက်တွေကို ပြောပါတယ်။  ဒီမတိုင်ခင် မဲ့ရင်းမြို့နယ် တည်းခိုခန်းတခုမှာ ရုတ်တရက် သေဆုံးသွားခဲ့တဲ့ တရုတ်အမျိုးသမီးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိကြောင်း၊ ဘာကြောင့်ဆုံးသလဲဆိုတာတော့ စစ်ဆေးနေဆဲဘဲလို့ ဆိုပါတယ်။  ချင်းမိုင်ခရိုင်မှာလည်း တရုတ်ခရီးသွားဧည့်သည်တွေ အလာများနေကြောင်း၊ အထူးသဖြင့် မဲ့တိုင်မြို့နယ် ဆင်စခန်းမှာဆိုရင် ၇၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားတွေဖြစ်လို့ ဆင်ဦးစီးတွေကို ရောဂါပိုးကာကွယ်တဲ့ ဝတ်စုံတွေဝတ်ဆင်ခိုင်းသလို ဧည့်သည်အားလုံးလည်း နှာခေါင်းစည်းတပ်ဖို့ လှုံ့ဆော်ထားတယ်လို့ ဒေါက်တာ ကျတူးချိုင်း မဏီးရတ်က ပြောပါတယ်။  ဒါ့အပြင် ချင်းမိုင် နိုက်ဆာဖာရီတိရစ္ဆာန်ဥယျာဉ်ထဲမှာလည်း ၉၅ ရာခိုင်နှုန်းမှာ တရုတ်ခရီးသွား ဧည့်သည်တွေ ဖြစ်တာကြောင့် ဝန်ထမ်းနဲ့ဧည့်သည်တွေကို နှာခေါင်းစည်း တပ်ဖို့လှုံ့ဆော်ထားပြီး ဥယျာဉ်အနှံ့လည်း ပိုးသတ်ဆေးတွေ ဖျန်းထားတယ်လို့ ချင်းမိုင်ကျန်းမာရေး ဌာနက ပြောသွားပါတယ်။  Reference: www.bangkokbiznews.com/news/detail/864516

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up