DVB Logo
Home
မြန်မာသတင်း
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း ထိန်းချုပ်ကန့်သတ်မှုများ ရှိနေဟုဆို
DVB
·
February 28, 2013
Donate to DVB

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းဟာ စာပေစိစစ်ရေးလုပ်ငန်း မရှိတော့ပေမယ့် ပုံနှိပ်ထုတ်ဝေရေးနဲ့ ပြန်ပြီးထိန်းချုပ်ကန့်သတ်ထားတာတွေ တွေ့ရတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်းအတွင်းရေးမှူး ဦးဖိုးနိုင်လင်းက အခုလို မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။

“အဲဒီဥပဒေက ကျနော်လည်း သေချာဖတ်ကြည့်ပြီးပြီ။ အခန်း ၁ မှာ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲရဲ့အဓိပ္ပာယ်ဖော်ပြချက် မပါဘူး။ အခန်း ၁ မှာအဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများကြီး ဖွင့်ထားတယ်။ အဲဒီအခန်းထဲမှာ မူပိုင်ခွင့်နဲ့ မှတ်ပုံတင် ဌာနခွဲ အဓိပ္ပာယ်ဖော်ပြချက် မပါဘူး။ အခန်း ၂ နဲ့ အခန်း ၄ မှာ ရေးထားတာတွေအရတော့ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲဆိုတာဟာ အရင်တုန်းက စာပေစိစစ်ရေးနဲ့ ဘာမှ မထူးသလောက် ကျနော်တို့ တွေ့ရပါတယ်။ တခုရှိတာက ကျနော်တို့ မီဒီယာဥပဒေလည်း ဆွဲနေတယ်။ မီဒီယာလောထဲမှာ တဖက်ကနေပြီး သတင်းသမားတွေအတွက် လျှော့ပေးထားတာတွေ ရှိတဲ့ဟာတွေကို ဒီဘက်မှာ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေဘက်ကနေပြီး ပြန်ပြီးထိန်းသလို မြင်နေရတယ်။ နောက်ပြီး စာနယ်ဇင်းကောင်စီ လုပ်ရမယ့် အလုပ်တွေကလည်း ဒီထဲမှာ ပါနေသလို တွေ့ရတယ်။ နောက်တချက်က လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ နဲ့ကလည်း သိပ်ပြီး မညီညွတ်ဘူးလို့ တွေ့ရပါတယ်။ ဒီဥပဒေကို ကျနော့်အနေနဲ့ ဘ၀င်မကျပါဘူး။”

မြန်မာနိုင်ငံစာရေးဆရာအသင်းအနေနဲ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့တော့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လာမယ့် စနေနေ့မှာ ဆွေးနွေးကြဖို့ ရှိတယ်။ ဆွေးနွေးပြီးမှ သဘောထား မှတ်ချက်ပေးနိုင်မယ်လို့ ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

ဥပဒေကြမ်း ဖော်ပြတဲ့နေ့မှာပဲ အလဲဗင်းမီဒီယာဂရုပ်က ပြင်းထန်စွာကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေကြမ်းဟာ စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ မီဒီယာဥပဒေအား လွှမ်းမိုးချုပ်ကိုင်သလို ဖြစ်နေတယ်။ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများဥပဒေကို ပြန်ပြီးအသက်သွင်းဖို့ လုပ်ဆောင်နေတာသာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု ထုတ်ပြန်ခဲ့တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းဟာ ၁၉၆၂ခုနှစ် ဥပဒေကို ပြန်ပြီး အသက်သွင်းထားတယ် ဆိုတဲ့ ဝေဖန်ချက်အပေါ် ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က ငြင်းဆိုလိုက်ပါတယ်။

“၁၉၆၂ ဥပဒေနဲ့ ဆက်သွယ်ပြီး နောက်ပိုင်းထုတ်တဲ့ ညွှန်ကြားချက်တွေ ရှိတယ်။ အဲဒါတွေက ဥပမာ အဲထဲမှာ တဖြည်းဖြည်းဖြည်လျှော့ခဲ့လို့ စာပေကို ဆင်ဆာတွေပါတယ်၊ ပြစ်ဒဏ်တွေက ပြင်းတယ်။ ကျနော်တို့က လိုအပ်သလောက်ကို လုပ်ငန်းဆောင်ရွက်နိုင်ဖို့ ဥပဒေထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ထိန်းချုပ်လိုတဲ့ ဆန္ဒ ဒီထဲမှာ မပါပါဘူး။ စာသားတွေကို ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ထုတ်ဝေသူတွေ အလုပ်လုပ်နိုင်အောင်လို့ လုပ်ပေးလိုက်တဲ့သဘောပဲ။ လိုအပ်တဲ့ ဆောင်ရွက်နိုင်မှုအတွက် ထုတ်ပြန်တဲ့ဥပဒေဖြစ်ပါတယ်။ သူတို့ကို ထိန်းချုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ၆၂ ဥပဒေရဲ့ နောက်ဆက်တွဲ ညွှန်ကြားချက်တွေပါတယ်၊ ဆိုးတဲ့ဟာတွေ ဒီထဲမှာ မပါပါဘူး။ ပြစ်ဒဏ်အရလည်း ငွေဒဏ်ပဲ။ ငွေဒဏ်မဆောင်နိုင်မှသာ စတိထောင်ဒဏ်လောက်ပါ။ ၆၂ ဥပလောက် မပြင်းထန်ပါဘူး။”

ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ ဥပဒေကြမ်းရဲ့ ထူးခြားချက်တချို့ကို ခုလို သုံးသပ် ပြောကြားပါတယ်။

“ကောင်းတဲ့အချက်ကို ပြောပြပါဆိုရင်တော့ ပြစ်ဒဏ်တွေကို လျှော့လိုက်တယ်။ စာအုပ်ထုတ်ဝေတာ၊ ပုံနှိပ်တာနဲ့ ပတ်သက်ပြီး လူတွေကို ကြီးမားတဲ့ ရာဇ၀တ်ကောင်ကြီးလို ကြီးလေးတဲ့ ပြစ်ဒဏ်ကို မပေးတော့ဘဲနဲ့ ဒဏ်ငွေကိုပဲ အဓိကထားပြီးတော့ ဒဏ်မဆောင်မှ ထောင်ချမယ်ဆိုတဲ့ ပုံမျိုး။ သူက ဒဏ်ဆောင်ရင် ထောင်မချဘူးဆိုတဲ့ ပုံမျိုးကျတော့ နည်းနည်းလေး လူကြီးလူကောင်းဆန်လာတယ်၊ နည်းနည်းလေး နိုင်ငံကြီး ဆန်လာတယ်။ ဒါက ကောင်းတဲ့ဘက်က ထောက်ပြတာပါ။

“မကောင်းတဲ့ဘက်က ထောက်ပြရအောင်ကတော့ ဒီဥပဒေသည် ကျနော်တို့ အခုသွားနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ပေးတဲ့သဘောတော့ မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ သူက ပုံနှိပ်တဲ့သူရော၊ ထုတ်ဝေတဲ့သူရော မှတ်ပုံတင်ပြီး လိုင်စင်ရမှ လုပ်ရမယ်ဆိုတော့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကျတော့ လိုင်စင်ရမှ လုပ်ရမယ်လို့ မပြောဘူး။ ဟိုဟာတော့ လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် ဖြန့်ချိခွင့်ရှိပြီလို့ ဆိုတယ်။ အဲဒါကို ဒီဥပဒေကနေပြီးတော့ လိုင်စင်ရမှ ထုတ်ရမယ်၊ လိုင်စင်မရရင် သိန်း ၁၀၀၊ သို့မဟုတ်ရင်လည်း ထောင်ဒဏ် ၁ နှစ် သတ်မှတ်ထားတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ပါသလားဆိုပြီး မေးခွန်း မေးစရာ ရှိတယ်။ ဆိုလိုတဲ့အချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) မှာ လွတ်လပ်စွာ ထုတ်ဝေဖြန့်ချိခွင့် ရှိတယ်ဆိုတဲ့၊ ထုတ်ဝေခွင့် ရေးသားခွင့် ရှိတယ်ဆိုတဲ့ စကားရပ်နေရာမှာ အခုလို ခွင့်ပြုချက်ရမှ၊ မှတ်ပုံတင်ထားမှ ထုတ်ဝေခွင့်ရတယ်လို့ သူက ရေးလိုက်တဲ့အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားပြီးသား အခွင့်အရေးကို နည်းနည်းလေးများ ကန့်သတ်လိုက်သလို ဖြစ်သွားသလားဆိုတာ ဝေဖန်စရာတချက် ရှိတယ်။”

မီဒီယာဥပဒေကိုတော့ စာနယ်ဇင်းကောင်းစီ (ယာယီ)က ရေးဆွဲနေတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013