သမ္မတ ထရမ့်အား ပြစ်တင်စွပ်စွဲမှု သက်သေခေါ်ယူရေး မဲခွဲဆုံးဖြတ်

Reuters/Brendan McDermid
1.4K
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ပြစ်တင်စွပ်စွဲမှုမှာ သက်သေခေါ်ယူရေးကို ဇန်နဝါရီလ ၃၁ ရက်က ကန့်ကွက်မဲပေးတာကြောင့် သမ္မတထရမ့်ကို တရားသေလွှတ်ပေးဖို့ လမ်းပွင့်သွားပါတယ်။
ရီပတ်ဘလီကန် ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ သက်သေခေါ်ယူရေးကို ၅၁ မဲ- ၄၉ မဲ နဲ့ ကန့်ကွက်မဲပေးခဲ့တာပါ။
အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်တန်လို သက်သေတွေဆီက ကြားနာဖို့ ဒီမိုကရက်တွေရဲ့ ကြိုးပမ်းချက်ကို အထက်လွှတ်တော်က တားဆီးလိုက်ပါတယ်။
သမ္မတ ထရမ့်ရဲ့ နိုင်ငံရေး ပြိုင်ဘက် ဂျိုးဘိုင်ဒင်ကို စုံစမ်းဖို့ ထရမ့်က ယူကရိန်းကို ဖိအားပေးဖို့ ကြိုးပမ်းတာတွေကို ဂျွန်ဘော်တန်ဟာ ပထမဆုံး သိရှိထားတယ်လို့ ယုံကြည်ရပါတယ်။
အဲဒီလုပ်ရပ်တွေကြောင့်ပဲ ဒီမိုကရက်ကြီးစိုးရာ အောက်လွှတ်တော်က သမ္မတထရမ့်ကို အာဏာအလွဲသုံးစားမှု၊ ကွန်ဂရက်အား တားဆီးပိတ်ပင်မှုတို့နဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် သမ္မတထရမ့်ဟာ အမေရိကန်သမိုင်းမှာ တတိယမြောက် ပြစ်တင်စွပ်စွဲခံရတဲ့ သမ္မတ ဖြစ်လာပါတယ်။
အခု သက်သေခေါ်ယူရေး မဲခွဲဆုံးဖြတ်မှုမှာ သမ္မတထရမ့်ကို ရာထူးက ဖယ်ရှားဖို့ အထက်လွှတ်တော် မဲအရေအတွက် သုံးပုံနှစ်ပုံ လိုအပ်ပါတယ်။
စုစုပေါင်း အမတ်အရေအတွက် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်အမတ် ၅၃ ယောက်ထဲက ဘယ်သူမှ သမ္မတထရမ့်ကို စွဲချက်တင်ဖို့ မဲမပေးပါဘူး။ ဒါကြောင့် အထက်လွှတ်တော်အနေနဲ့ ပြစ်တင်စွပ်စွဲချက်တွေကနေ သမ္မတ ထရမ့်ကို တရားသေလွှတ်ဖို့ သေချာသလောက် ဖြစ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။