မကွေးတိုင်း ရေနံမြေများမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀၀၀ ကျော်ထွက်ရှိ
DVB
·
February 1, 2020
မကွေးတိုင်းအတွင်းက နိုင်ငံပိုင်ရေနံမြေတွေကနေ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သဘာဝဓာတ်ငွေ့ကုဗပေသန်း ၃၀၀၀ ကျော် ရရှိခဲ့တယ်လို့ မကွေးတိုင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပြောပါတယ်။
မကွေးတိုင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ဇော်က “မကွေးတိုင်းဒေသကြီးက နိုင်ငံပိုင်ရေနံမြေတွေ ဖြစ်တဲ့ ကျောက်ခွက်၊ လက်ပံတို၊ အရာတော် ရေနံမြေ၊ စံပယ်-သားကြီးတောင်ရေနံမြေ၊ မန်းရေနံမြေ၊ ထောက်ရှာပင်-ကမ်းနီရေနံမြေနဲ့ ချောက်ရေနံမြေတို့က ထွက်တာ ဖြစ်ပါတယ်။ အဲဒီရေနံမြေ ၅ ခုက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တနှစ်လုံးကို သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၇၃၉ ဒသမ ၆၂၀ သန်း ထွက်ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
ကျောက်ခွက်၊ လက်ပံတိုက ထွက်တဲ့ ဓာတ်ငွေ့ကို ချောက်ရေနံအထိ ပိုက်လိုင်းနဲ့ ပေးပို့ပြီး ချောက်ရေနံမြေကနေတဆင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အထိ ပိုက်လိုင်းနဲ့ CNG အသုံးပြု မော်တော်ယာဉ်တွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဘိလပ်မြေစက်ရုံတွေကို ပေးပို့တာပါ။ မန်းရေနံမြေကထွက်တဲ့ သဘာဝဓာတ်ငွေ့ကိုတော့ မင်းဘူးမြို့ သဘာဝဓာတ်ငွေ့ရည်စက်ရုံနဲ့ ပွင့်ဖြူမြို့က ချည်မျှင်နဲ့ အထည်စက်ရုံကို ပေးပို့တယ်လို့ သိရပါတယ်။
အရာတော်ရေနံမြေက ထွက်တဲ့ ဓာတ်ငွေ့ကိုတော့ မင်းလှမြို့နယ် သံပရာကန်စက်ရုံကို ပို့တယ်။ ဒါ့အပြင် ကမ်းလွန် ရေနံမြေကထွက်တဲ့ သဘာဝဓာတ်ငွေ့နဲ့ ပြည်တောင်တန်းရေနံမြေက ထွက်တဲ့ ဓာတ်ငွေ့ကို ရှမ်းပြည်နယ်အတွင်းက သံမဏိစက်ရုံကို ပိုင်းလိုင်းနဲ့ ပေးပို့နေတာ ဖြစ်ပါတယ်။
မကွေးတိုင်းရှိ ရေနံမြေတွေကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၅၅၄ ဒသမ ၄၈၈ ထွက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်ရေနံမြေ ၇ ခုရှိကြောင်း တိုင်းအစိုးရအဖွဲ့က သိရပါတယ်။
ကိုလင်း(ချောက်)