လက်ရှိအချိန်မှာ အစိုးရက ကြေညာထားတဲ့ မတရားအသင်းအဖွဲ့တွေ ရှိနေသေးတဲ့အတွက် မြန်မာနိုင်ငံ ဗြိတိသျှ နယ်ချဲ့လက်အောက် ရောက်ရှိနေစဉ် ၁၉၀၈ ခုနှစ် ကတည်းက ပြဋ္ဌာန်းထားခဲ့ပြီး တိုင်းရင်းသားနဲ့ ပြည်သူတွေကို အထူးနစ်နာစေတဲ့ “မတရားအသင်း ဥပဒေ” ကို ရုပ်သိမ်းဖို့ မသင့်သေးကြောင်း မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
ဥပဒေတခုလုံး ရုပ်သိမ်းဖို့အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဥပဒေကို ရုပ်သိမ်းခြင်း မပြုသေးဖို့၊ ဒါပေမယ့် ခေတ်နဲ့ မလျော်ညီတဲ့ ပြည်သူတွေကို နစ်နာစေတဲ့ အချက်တွေကို ပြင်ဆင်ဖို့ ပြင်ဆင်ချက် ဥပဒေအဖြစ် အသစ်ပြန်လည်တင်သွင်းဖို့ ဥပဒေကြမ်းကော်မတီရဲ့ တင်ပြချက်ကို လွှတ်တော်က ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတ၀ှမ်းမှာ မတရားအသင်းပုဒ်မနဲ့ အရေးယူခံရတဲ့ အမှု ၁၀၃ မှုရှိပြီး ၅ နှစ်အတွင်း အမှု စုစုပေါင်း ၄၀၀ ကျော် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။











