သံတွဲ၊ ကျိန္တလီကမ်းခြေတွင် ငါးအများအပြားသောင်တင်
ဝဏ္ဏခွာညို
·
January 31, 2020
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီကမ်းခြေကနေ ပုန်းညက်ကမ်းခြေအထိ ၂ မိုင်ခန့်ကျယ်ပြန့်တဲ့နေရာမှာ ဇန်နဝါရီ ၃၁ ရက်က ငါးတွေ သေဆုံးသောင်တင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိန္တလီမြို့ခံတဦးဖြစ်တဲ့ကိုမျိုးနိုင်ဦးက”ငါးတွေကအများကြီးပဲဗျာ သေနေတာ။ မျောပြီးတော့အဲ့ဒီမှာ သောင်တင်နေကြတာ။ အရှည်ကမ်းခြေတလျှောက် ၂ မိုင်၊ ၃ မိုင်းခန့်လောက် တော့ရှိမယ်။ အဲ့ဒါတွေကိုလူတွေကို လိုက်ကောက်နေကြတာတွေ့တယ်။” လို့ပြောပါတယ်။
လက်ရှိ အဲ့ဒီသောင်ပြင်သေပြီးတင်နေတဲ့ငါးတွေဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ငါးဖမ်းသမားတွေရဲ့ပိုက်တွေကွဲထွက်သွားပြီး မျောပါလာကာ ကမ်းကိုကပ်သွားတာလို့ ကျိန္တလီမြို့ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးကိုကိုနိုင်က ဒီဗွီဘီကိုပြောပါတယ်။
“သောင်တင်ပြီးသေတာ မဟုတ်ဘူးဗျ။ ကမ်းဆွဲပိုက်တွေမှာမိတဲ့ ငါးတွေအဲ့ဒါတွေက၊ ငါးတွေများတော့ ပိုက်ကမနိုင်ဘူး။ အဲ့ဒါကြောင့် ပိုက်ကွဲပြီးထွက်လာတာ၊ ကွဲထွက်သွားပြီးတော့ အဲ့ဒီငါးတွေက သေပြီးတော့ ကမ်းခြေတွေရောက်သွားတာ။ ပင်လယ်ကမ်းစပ်ဆိုတော့ လှိုင်းပုတ် လိုက်တော့ ပိုက်ပါမျောပြီးတော့ ကမ်းစပ်လာရောက်လာတာ။ အဲ့ဒါကို ငါးဖမ်းသမားတွေ ပြန်ကောက်နေကြာတာ။ ဟိုလိုကြီးသေတာ မဟုတ်ဘူး။ ငါးဖမ်းနည်းမဟုတ်တဲ့ ဟိုလိုသေတာတော့ မဟုတ်ဘူး။”
အဲ့ဒီကမ်းခြေ အရှည် ၂ မိုင် လောက်တလျှောက် ဒေသအခေါ်အဝေါ် ငါးရွဲ၊ ငါးပျော့လုံး၊ ငါးကျည်းလုံး စတဲ့ ငါးတွေ အများအပြားသေဆုံး မျောပါလာပြီး ကမ်းစပ်မှာ ရောက်ရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။