Home
မြန်မာသတင်း
ရှမ်းပြည်နယ်က ဒေသခံ ၃၀ ကျော် နယ်စပ်တွင် ပျောက်ဆုံး
နန်းမြနဒီ
·
February 28, 2013
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလတ်မြို့နယ်ခွဲက ရွာသား ၃၀ ကျော်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က တောထဲကို သစ်ခုတ်သွားရင်း လက်နက်ကိုင်အဖွဲ့တခုရဲ့ ခေါ်ဆောင်ခံခဲ့ရပြီး မိသားစုထံ ပြန် မရောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေတြိဂံနယ်မြေအပေါ်ဘက် ကျိုင်းလတ်မြို့နယ်ခွဲ ၀မ့်လုံကျေးရွာက ရွာသားတွေဟာ တောထဲမှာ ညအိပ်ညနေ သစ်ခုတ်သွားရင်း လွန်ခဲ့တဲ့  ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်နေ့ ကစပြီး ပျောက်ဆုံးနေကြောင်း သူတို့ရုံးခန်းမှာ လာတိုင်ထားကြတယ်လို့ တာချီလိတ်ခရိုင် ကျိုင်းလတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဇော်က ပြောပါတယ်။ “သူတို့က ရွာအနောက်ဘက် တောင်ကုန်းလေးပေါ်မှာ သစ်သွားဆွဲတော့ ၀ အဖွဲ့လို့ ယူဆရတဲ့အဖွဲ့က ဖမ်းသွားတာ။ ဖမ်းသွားတာက အယောက် ၅၀ ကျော်ပေမယ့် တချို့ကထွက်ပြေးလို့လွတ်သွားပြီး ပါသွားတာ ၃၈ ယောက်။ တချို့အိမ်တွေလည်း တအိမ်ထဲက လူ ၂-၃ ယောက်လောက် ပါသွားတာ။ သေသလား ရှင်သလား မသိဘူးပေါ့။” ၀မ့်လုံရွာသားတဦးဖြစ်တဲ့  ဦးမိုင်အွန်ကလည်း “ပျောက်ဆုံးတဲ့အထဲမှာ သမက် ၂ ဦးနဲ့ တူတော်သူ ၁ ဦး ပါသွားတယ်။ တောထဲသွားပြီး ၅ ရက်လောက်အကြာ အဖမ်းခံရတာ။ အိမ်ကို အဓိက ရှာကျွေးနေတဲ့ ယောက်ျား ၃ ဦးလုံး ပြန်မလာတော့ မြေး ၃ ယောက်နဲ့ အတူ တအိမ်သားလုံး ၀မ်းရေးခက်ခဲတယ်။ သူတို့ တိုင်ကြားထားတဲ့ လူကြီးတွေ မေးကြည့်တော့လည်း မသိသေးဘူလို့ဘဲ ပြောကြတယ်” လို့ ဆိုပါတယ်။ ၀မ့်လုံရွာဟာ တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၅၀ လောက်အကွာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး  သူတို့ရွာသားတွေ အဖမ်းခံရပြီးတဲ့နောက်ပိုင်း တောထဲမှာ ဘယ်သူမှ သစ်မခုတ်ရဲတော့ဘဲ  အခြား ဆန်စပါးနဲ့ ရာဘာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြောင်းလုပ်လာတယ်လို့ ဦးမိုင်အွန်က ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်လာသူတွေ ပြန်ပြောချက်အရ သူတို့တောထဲမှာ စခန်းချပြီး သစ်ခုတ်နေတုန်း လက်နက်ကိုင်အဖွဲ့ဝင် ၁၀၀ လောက် ရောက်လာပြီး သူတို့နဲ့ လိုက်ဖို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်အချင်းချင်း ပြောဆိုနေတဲ့ စကားသံတွေကို နားမလည်တဲ့အတွက် ဘယ်အဖွဲ့မှန်း မသိရကြောင်း၊ ပါသွားတဲ့သူတွေဟာ ရှမ်းနဲ့ လားဟူတွေဖြစ်ပြီး အသက် ၂၀ နဲ့ ၄၀ ကြား လူရွယ်တွေလို့ ဆိုပါတယ်။ ရွာသားတွေ ဖမ်းခေါ်ခံရပြီး နောက်ပိုင်း  ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် သက်ဆိုင်ရာ မြို့နယ်မှူးနဲ့ ရဲစခန်းတွေကို တိုင်ကြားထားပေမယ့်လည်း မထူးတဲ့အတွက် မနှစ်နှစ်ကုန်ပိုင်း အန်အယ်လ်ဒီရုံး သွားဖွင့်တဲ့အခါ ပျောက်ဆုံးနေသူရဲ့  မှတ်ပုံတင် အထောက်အထားတွေနဲ့ အတူ လာရောက် တိုင်တန်းထားတာလို့ ဦးခင်မောင်ဇော်က ပြောပါတယ်။ ပျောက်ဆုံးသူစာရင်းနဲ့ အထောက်အထားတွေကို ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်ကို ဆက်ပို့ထားတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တာချီလိတ်မြို့နယ် ရဲစခန်းကို မေးမြန်းရာမှာ လူပျောက် ကိစ္စ လာရောက် တိုင်ကြားထားတာမရှိဘူးလို့ တာဝန်ကျရဲတဦးက ဖြေဆိုပါတယ်။ “လူပျောက်လာတိုင်တာလည်းမရှိပါဘူး။ ကျနော်တို့ အဲသတင်းတွေလည်း မကြားမိပါဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024