တပ်မတော်နဲ့ သတင်းအပေးအယူမလုပ်ဖို့ ရက္ခိုင့်တပ်တော် (အေအေ)က ပြောထားတဲ့ အကြောင်း မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းက ပြောပါတယ်။
အေအေအဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လွတ်မြောက်လာတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုခဲ့တာပါ။
“ပလက်ဝမြို့နယ်အတွင်း၊ ကျောက်တော်မြို့နယ်အတွင်းမှာတော့ လှုပ်ရှားနေဦးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ တပ်မတော်နဲ့တော့ သတင်းအပေးအယူတွေမလုပ်ပါနဲ့လို့ ကျနော်ကို ပြောတာတော့ ရှိခဲ့ပါတယ်။ သဘောတူညီချက်တခုလို မဟုတ်ပါဘူး။ ဒါ သူတို့ ကျနော်ကို မှာကြားတဲ့ အနေအထားလေးပါပဲ။ ခြိမ်းခြောက်မှုတော့ မရှိပါဘူး ” လို့ ဦးဝှေ့တင်းက ပြောပါတယ်။
သူ့အနေနဲ့ ပြည်နယ်အတွင်းမှာ တိုက်ပွဲရှောင်ပြည်သူတွေရှိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီးပဲ တပ်မတော်ကို ပြောဆို ဆွေးနွေးတာမျိုးရှိပြီး သတင်းပေးတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါအပြင် ဘာသာရေးကိစ္စပြီးတော့လည်း ပြိုကွဲအောင် မလုပ်ခဲ့ဘူးဘူးလို့လည်း ပြောပါတယ်။
ဖမ်းခံရတဲ့ကာလအတွင်းမှာ အပြင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ဘာမှ မကြား သိရပေမယ့် လွတ်မြောက်မယ်ဆိုတာကို ရက်အနည်းငယ် ကြိုတင်ကြားသိထားတယ်လို့ ဦးဝှေ့တင်းက ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်က ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကို မော်တော်ဘုတ်နဲ့ သွားရောက်စဉ် အေအေအဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာပါ။
ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ အေအေတပ်ဖွဲ့က ဦးဝှေ့တင်းကို ပလက်ဝမြို့နယ်က လုံခြုံပြီး အန္တရာယ်ကင်းတဲ့နေရာတခုမှာ ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။