A d v e r t i s e m e n t With Us

ဟုမ္မလင်းမြို့နယ် ထမံသီတွင် လူ ၃၃ ဦး အဆိပ်သင့်၊ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာမှာ လူ ၃၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့အနက် ၆ ဦး သေဆုံးသွားတယ်လို့ ထမံသီဆေးရုံက ပြောပါတယ်။ ထမံသီကျေးရွာအုပ်စု သစ်ပါးလွှာစက်ရုံမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတွေ အဆိပ်သင့်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့ခင်း ၂ နာရီကျော်က ဆေးရုံရောက်လာကြတယ်လို့ ဆိုပါတယ်။ ၃ ဦးက သေဆုံးနေပြီး ကျန်တဲ့ ၃ ဦးကတော့ ညနေ ၅ နာရီကျော်လောက်မှာ ဆုံးသွားတာလို့ ထမံသီဆေးရုံ သူနာပြုဆရာမ ဒေါ်ကြည်ကြည်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ သေဆုံးသူတွေဟာ တကိုယ်လုံး ပြာနှမ်းသွားတယ်လို့ ဆိုပါတယ်။ အခုလောလောဆယ် ဆေးရုံမှာ  အဆိပ်သင့်လူနာ စုစုပေါင်း ၂၇ ဦးရှိပြီး အမျိုးသား ၁၃ ဦးနဲ့  အမျိုးသမီး ၁၄ ဦးဖြစ်ကြောင်း၊ အခြေအနေ မစိုးရိမ်ရကြောင်း၊ အဆိပ်သင့်ရခြင်း အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် သူတို့နေ့ခင်းက စားသုံးခဲ့တဲ့ အစားအစာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ ဟုမ္မလင်းမြို့နယ်ကနေ မုံရွာ အဲဒီကမှတဆင့် တိုင်းရုံးကို ပို့မယ်လို့ ဆိုပါတယ်။ သူတို့အကုန်လုံးဟာ လပြည့်နဂါးကုမ္ပဏီပိုင် သစ်ပါးလွှာစက်ရုံက ၀န်ထမ်းတွေဖြစ်ပြီး စုစုပေါင်းဝန်ထမ်း ၄၀  ရှိကြောင်း၊ ၀န်ထမ်းတွေကို စက်ရုံက နေ့တိုင်း စရိတ်ငြိမ်း ချက်ပြုတ် ကျွေးမွေးတယ်လို့ ဆိုပါတယ်။ ဒီအဆိပ်သင့်မှုကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဌာနကလည်း  ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ပြီး အလုပ်သမားတွေဟာ မနက် ၁၁ နာရီက အသားခြောက်ကျော်၊ ဘူးသီး၊ ပဲသီးနဲ့ ပဲပွားပါ စုပေါင်းဟင်းကို ကျား ၁၉ ဦးနဲ့ မ ၁၄ ဦးတို့ စားသုံးခဲ့ကြောင်း၊ စုစုပေါင်း အမျိုးသား ၆ ဦး သေဆုံးခဲ့ရာမှာ ၅ ဦးက မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်က ဖြစ်ပြီး ၁ ဦးက ညောင်ပင်ဇောက်ရပ်ကွက်ကလို့ ဖော်ပြထားပါတယ်။ အဆိုပါစက်ရုံမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့တုန်းကလည်း ပထမအကြိမ် အစာအဆိပ်သင့်ခဲ့လို့ လူ ၃၂ ဦး ဆေးရုံတက်ခဲ့ရပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းတွေ ဆက်ပြီးတင်ပြသွားမယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up