ဖာနန်ဒက်စ် မန်ယူနိုက်တက်တွင် ဆေးစစ်မှုခံယူ၊ ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုမည်

ပေါင် ၆၈ သန်းတန် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ပြင်ဆင်နေတဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို မန်ချက်စတာယူနိုက်တက်အင်္ကျီနဲ့ ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရပါတယ်။  ပေါ်တူဂီလက်ရွေး စင်ကစားသမားဟာ ယူနိုက်တက်အသင်းရဲ့ AON လေ့ကျင့်ရေးကွင်းမှာ ကြာသာပတေးနေ့က ဆေးစစ်မှုခံယူခဲ့ပြီး အသင်းနဲ့အတူ လေးနှစ်ခွဲ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။  ယူနိုက်တက်တံဆိပ်ပါတဲ့ အနီရောင်ထရပ်ဆု နဲ့ ဖာနန်ဒက်စ်ရဲ့ ပုံကို သူ့ရဲ့အေးဂျင့်ဖြစ်သူ မီဂွဲလ်ပင်ဟိုက အင်စတာဂရမ်မှာတင်ခဲ့တာဖြစ်ပြီး ဒါဟာ ပေါ်တူဂီကနေ အင်္ဂလန်ကိုရောက်လာပြီး ၂၄ နာရီအတွင်းမှာ ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။  ကစားသမားဟာ ယူနိုက်တက်အသင်းနဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ သဘောတူညီချက်ရရှိခဲ့ပြီးနောက် အင်္ဂလန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သဘောတူညီချက်အရ ယူနိုက်တက်အသင်းဟာ ကစားသမားအတွက် ကနဦး ပေါင် ၄၆ ဒသမ ၆ သန်း ထပ်တိုး ပေါင် ၂၁ ဒသမ ၂ သန်းပေးချေရမှာဖြစ်ပါတယ်။  ဒီအပိုဆုကြေးမှာ ယူနိုက်တက်အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် ၄ ဒသမ ၂ သန်း၊ ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ၄ ဒသမ ၂ သန်းနဲ့ သတ်မှတ်ထားတဲ့ အချက်တွေ ပြည့်မီမယ်ဆိုရင် ၁၂ ဒသမ ၆ သန်းပေးချေရမှာဖြစ်ပါ တယ်။  ဒီရက်ပိုင်းအတွင်းစာချုပ်ကို အပြီးသတ်နိုင်မယ်ဆိုရင် ဖာနန်ဒက်ဇ်ဟာ အစောဆုံးအနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ယှဉ်ပြိုင်မယ့် ယူနိုက်တက်အသင်းနဲ့ ဝုဗ်အသင်းတို့ရဲ့ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။  ယူနိုက်တက် အသင်းဘက်က အသက် ၂၅ နှစ်အရွယ် ကစားသမားကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ တရားဝင်ထုတ် ပြန်ကြေညာခဲ့ပြီး မန်နေဂျာ ဆိုးလ်ရှားနဲ့ တိုက်စစ်မှူး ရပ်ဖို့ဒ်တို့ဟာလည်း ကစားသမားသစ်ကိုကြိုဆိုကြောင်း ထုတ်ဖော်ရေးသားခဲ့ကြပါတယ်။  ယူနိုက်တက်အသင်းရဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ နှောင်းပိုင်းထုတ်ပြန်ချက်မှာ ကစားသမား ကို ဆေးစစ်ဖို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုသာကျန်ရှိတော့တယ်လို့ ရေးသားထားပါတယ်။  စပို့တင်းအသင်းဟာ ဖာနန်ဒက်စ်ကို ပေါင် ၇ ဒသမ ၂ သန်းနဲ့ ဆမ်ဒိုးရီးယားအသင်းကနေ ၂၀၁၇ ခုနှစ်က ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင်အတွက် နှုတ်ဆက်စာကိုလည်း သူတို့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။  တဆက်တည်းမှာပဲ ယူနိုက်တက်အသင်းဟာ ဆောက်အန့်အသင်းရဲ့ ဂိုးသမားဖြစ်သူ နာသန်  ဘီးရှော့ကို ဇန်နဝါရီ ၂၉ ရက်နေ့က ဆေးစစ်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။  အသက် ၂၀ အရွယ်ဂိုးသမားကို  စပါး၊ ဝက်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကလည်း စိတ်ဝင်စားနေပြီး ဒီအသင်းတွေထက် လက်ဦးမှုရယူကာ ကစားသမားဟာ အပြောင်းအရွှေ့ကာလ မကုန်ဆုံးမီ အပြီးသတ်ခေါ်ယူဖို့ ယူနိုက်တက်ဘက်က ကြိုးစားနေတာလို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up