DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ လိုင်ဇာရှိ ဒုက္ခသည်စခန်းများကို သွားရောက်
DVB
·
February 27, 2013
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ လိုင်ဇာရှိ ဒုက္ခသည်စခန်းများကို သွားရောက်
Donate to DVB

ကချင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ဟာ ကချင်လွတ်လပ်ရေး တပ်မတော်ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးက ဒုက္ခသည်စခန်းတွေကို သွားရောက်နေပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ညက လိုင်ဇာကို ရောက်ရှိလာပြီးတော့ ဒုက္ခသည်စခန်းတွေကို သွားနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုက္ခသည် ကူညီကယ်ဆယ်ရေး ကော်မတီဝင် ဦးဒွဲပီဆာက ပြောပါတယ်။

ဒီအဖွဲ့ဟာ ကေအိုင်အိုနဲ့ အစိုးရအကြား ရွှေလီမြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ တွေ့ဆုံစဉ်က သဘောတူချက်အရ ကယ်ဆယ်ရေးအဖွဲ့တွေ ဒုက္ခသည်တွေထံ အကူအညီတွေ ပေးနိုင်တယ်ဆိုတဲ့အတွက် ဒီလ ၁၇ ရက်နေ့မှာ ထွက်လာတဲ့အဖွဲ့ထဲက ဖြစ်ပါတယ်။

အိုင်စီအာရ်စီအဖွဲ့ရဲ့ ကချင်ခရီးစဉ်မှာ ကချင်ပြည်နယ် ဒေါ့ဖုန်းယမ်မှာ အစိုးရတပ်တွေ ထောင်ထားတဲ့ ဗုံးတွေကြောင့် ဆက်မသွားနိုင်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပြီးနောက် လှည့်မပြန်ဘဲ တရုတ်-မြန်မာနယ်စပ် လိုင်ဇာအထိ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာရ်စီ)နဲ့အတူ ဆေးဝါးတွေလည်း ပါလာတယ်လို့ ဦးဒွဲပီဆာက ဆိုပါတယ်။

အိုင်စီအာစီက ဒုက္ခသည်တွေဆီ သွားရောက်တာနဲ့ပတ်သက်ပြီး ဦးဒွဲပီက “သူတို့ပြောတော့ သူတို့က ဂျီနီဗာကွန်ဗန်းရှင်းကနေ နှစ်ပေါင်း ၁၅၀ ကျော်ရှိတဲ့အဖွဲ့ဖြစ်တယ်။ ဘယ်ကိုမှ ဘက်မလိုက်ဘူး။ လူမှုရေးကူညီဖို့အဓိကဖြစ်တယ်။ တခုရှိတာက သူတို့က အစိုးရခွင့်ပြုချက်ရမှသွားနိုင်တယ်ဆိုတဲ့ သဘောပြောတာပဲ။ ကျနော်တို့ရဲ့ အတွင်းရေး တကယ့်အဖြစ်အပျက် အခြေအနေတွေကို ကိုယ်တိုင်ထုတ်ပြောတော့ အပြင်ကလူတွေက ယုံချင်မှယုံမယ်လေ။ အခု သူတို့ကိုယ်တိုင်ရောက်ပြီဆိုတော့ ကေအိုင်အိုရဲ့အခြေအနေ၊ ပြည်သူလူထုရဲ့ အခြေအနေ၊ သူတို့ရဲ့အခြေအနေ ကိုယ်တွေ့မျက်မြင်တွေ့ရတယ်ဆိုတော့ ကျနော်တို့ အားကိုးရတာပေါ့” လို့ ပြောပါတယ်။

အိုင်စီအာရ်စီအဖွဲ့ဟာ လာနေကျလမ်းအတိုင်း သွားလို့မရတဲ့အတွက် တခြားလမ်းခရီးကနေ လိုင်ဇာကို လာခဲ့ရကြောင်း  ဦးဒွဲပီဆာက ပြောပါတယ်။

“လိုင်ဇာနဲ့ ၇ မိုင်လောက်ဝေးတဲ့နေရာကနေ ပြန်ခုတ်ပြီးမှ သူတို့ ဗန်းမော်နဲ့ နယ်စပ်လမ်းတလျှောက်ပြန်လှည့်တယ် ဆိုတော့ အခက်အခဲရှိတာပေါ့။ အစက သူတို့က ဗန်းမော်ကနေ မိုးမောက်-ဒေါ့ဖုန်းယမ်လမ်းပေါ့၊ အဲကနေလာတော့ လိုင်ဇာရောက်ခါနီး မုန်းလဲချောင်းမှာ တံတားသွားလို့မရဘူး၊ မိုင်းထောင်ထားလို့ လုံခြုံမှုမရှိဘူးဆိုပြီး မသွားခိုင်းတော့ သူတို့ကတော့ ဖြစ်တဲ့နည်းနဲ့ဝင်ချင်တယ်။ ဒါပေမယ့် ခွင့်မပြုဘူး။ ဗန်းမော်ပြန်ရောက်တောာ့ မရောက်ရောက်အောင် သူတို့ကြိုးစားတယ်ထင်တယ်။ ခွင့်ပြုတယ်ဆိုတော့ လွယ်ဂျယ်လမ်းကနေ သူတို့ဝင်ခဲ့တယ်။ ဗန်းမော်နဲ့လွယ်ဂျယ်ကနေ မိုင်ဂျာယန်ကို ပြန်အိပ်တာပေါ့။ လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ကလည်း အဆက်အသွယ်မရှိတော့ လမ်းကောင်းကောင်းလည်း မရှိဘူး။ ကေအိုင်အေဘက်က လုံခြုံရေးတွေ သေသေချာချာလုပ်ပြီးမှ ခွင့်ပြုလိုက်တာ။ အစက လွယ်ဂျယ်မြို့ရဲ့ အထွက်မှာ ဘာမှမကာထားဘူး။ သူတို့ဟိုရောက်တော့ ကာထားတယ်တဲ့။ ဗန်းမော်ကခွင့်ပြုချက်ရမှ ပြန်ခွင့်ပေးတယ်။ ကြားမှာ ကျနော်တို့အဖွဲ့ကနေ ကားနဲ့လာကြိုတာပေါ့။”

ကချင်ပြည်နယ် အိုင်စီအာရ်စီ ပြောခွင့်ရကတော့ အိုင်စီအာရ်စီအဖွဲ့ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ရာနေရာမှာ ရောက်နေတဲ့အကြောင်း အဆက်အသွယ် မရတဲ့အတွက် ရောက်နေတဲ့နေရာနဲ့ အသေးစိတ်ကို မပြောနိုင်ဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013