Home
မြန်မာသတင်း
သက်တမ်းကုန်ရွှေကုမ္ပဏီများ၏ ပစ္စည်းများ ပြန်သိမ်းပေးရန် သပိတ်ကျင်းဒေသခံများ တောင်းဆို
DVB
·
January 30, 2020
84920430_1070657626632333_3576304986889388032_o
83680319_1070657693298993_749187139899490304_o
83617430_1070657919965637_7460194662272204800_o
83067570_1070657406632355_1482013843130417152_o
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ နယ်နိမိတ်အတွင်း ရွှေတူးဖော်မှု ရပ်နားထားတဲ့ ရွှေလုပ်ကွက်တွေမှာ ကုမ္ပဏီတွေရဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို ကာလတခုသတ်မှတ်ပြီး သိမ်းဆည်းပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ နိုင်ငံတော်က ညွှန်ကြားခဲ့တဲ့အတွက် ရွှေကုမ္ပဏီတွေ ရပ်ဆိုင်းနေကြတာပါ။ ချောင်းကြီးကျေးရွာ နယ်နိမိတ်အတွင်းပါဝင်နေတဲ့ ရွှေချောင်းကြီးကုမ္ပဏီနဲ့ ရွှေမိခင်တောင် ကုမ္ပဏီဟာ ၁ နှစ်လောက်ကြာ လုပ်ငန်း ရပ်နားထားပေမဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို မသိမ်းဆည်းတဲ့အတွက် ပစ္စည်းသိမ်းကာလ သတ်မှတ်သိမ်းဆည်းပေးဖို့ ပြည်ထောင်စုအထိ တင်ပြစာပေးပို့သွားမယ်လို့ ချောင်းကြီးကျေးရွာနေ ဦးဖုန်းမြင့်နိုင်က ပြောပါတယ်။ "သူတို့ကုမ္ပဏီတွေက ရပ်ဆိုင်းထားတယ်၊ ဒါပေမဲ့ ကုမ္ပဏီတွေက ပစ္စည်းသိမ်းကာလ မသတ်မှတ်ပေးတဲ့အတွက် ဒီနေ့အချိန်ထိ ကုမ္ပဏီတွေက လုံးဝမထွက်သေးဘူး။" ကျေးရွာမြေပေါ်မှာ ရွှေကုမ္ပဏီတွေရှိနေတဲ့အတွက် ကျေးရွာတိုးချဲ့မယ်ဆိုရင်လည်း အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။ "ကျနော်တို့ဒေသခံတွေ နိုင်ငံတော်ကနေ တရားဝင် ပြည်ထဲရေး အမည်ပေါက်ရွာမြေလို့ သတ်မှတ်ပြီးရင် ဒေသခံတွေ အိုးအိမ်တည်ဆောက်ဖို့တွေ၊ တိုးချဲ့ဖို့တွေ သူတို့က လုံးဝ ဖယ်ရှားမပေး‌သေးတော့ ဒီနေရာတွေက တိုးချဲ့လို့လည်း မရသေးဘူး၊ ရွာသားလည်း ဝင်လို့ မရသေးဘူး၊ ယနေ့အချိန်ထိ။ သူတို့က လုပ်ငန်းသာမလုပ်တာ ဒီကုမ္ပဏီခြံစည်းရိုးတွေထဲကို ဝင်ခွင့်မပြုသေးဘူး ရွာသားတွေကို။” ချောင်းကြီးကျေးရွာဟာ ၂၀၁၁ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနကနေ တရားဝင်ကျေးရွာအဖြစ် အသိအမှတ်ပြုထားတာဖြစ်ပြီး ယခုရွှေကုမ္ပဏီတွေဟာ ကျေးရွာနယ်နိမိတ်အတွင်း ချထားပေးတာလို့ သိရပါတယ်။ ဒါ့အပြင် ရွှေမိခင်တောင် ကုမ္ပဏီက တူးဖော်လုပ်ကိုင်နေတဲ့ ရွှေလုပ်ကွက်ဟာ ချောင်းကြီးကျေးရွာဒေသခံ ဒေါ်မြရွှေလုပ်ကိုင်နေတဲ့ လယ်ယာမြေကို သိမ်းယူလုပ်ကိုင်ထားတာ ဖြစ်တဲ့အတွက် အဆိုပါမြေကို ပြန်လည်ရရှိလိုတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဧက သုံးဆယ်ဝန်းကျင် လယ်ယာမြေကို နှစ်လေးဆယ်ခန့် ဓားမဦးချလုပ်ကိုင်ခဲ့တာဖြစ်ပြီး သီးနှံခွန် ‌မြေခွန်ပေးဆောင်ထားတဲ့ ပြေစာတွေလည်း ရှိကြောင်း၊ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ပြန်လည်ရရှိရေး ဖြေရှင်းပေးဖို့ အကြိမ်ကြိမ်တိုင်ကြားမှုတွေပြုလုပ်ခဲ့ပေမယ့် ကုမ္ပဏီဘက်က အရေးပါသူတွေ လာရောက်ဖြေရှင်း မပေးဘူးလို့ ဒေါ်မြရွှေရဲ့ သမီးဖြစ်သူ မဖြူဖြူဝင်းက ပြောပါတယ်။ "ဘာမှ နစ်နာမှုဆောင်ရွက်မပေးပါဘူး။ သူတို့ ဧက မလောက်လို့ဆိုပြီး ဒီဟာကို ခဏ ကျမတို့လုပ်ပါဦးမယ်ပေါ့။ ကုမ္ပဏီပြီးရင်၊ သက်တမ်းပြီးရင် ပြန်ပေးပါ့မယ်ဆိုပြီးတော့ ဒီတိုင်းတင် လုပ်နေတာပါ။ ကျမတို့ အဖေအမေပိုင်တဲ့ဟာက ခု မောင်နှမ ခုနစ်ယောက်ရှိတယ်။ အမေလည်း ရှိတဲ့ခါကျတော့ ရှစ်ယောက်ပေါ့။ အဲဒီအကွက်ကို ဧကသုံးဆယ်ကျော်ကို ပြန်လိုချင်ပါတယ်၊ ရချင်ပါတယ်။ ခုချိန်ထိ ဘာမှတိတိကျကျမသိဘဲနဲ့ သူတို့ကတော့ ပိတ်ဆို့ပြီးတော့ အဲ့ထဲကို ဝင်ခွင့်ကြည့်ခွင့်တောင် မရပါဘူး"လို့ ပြောပါတယ်။ ကျေးရွာနယ်နိမိတ်အတွင်းရောက်ရှိနေတဲ့ ရွှေတူးဖော်ရေးကုမ္ပဏီတွေကို သက်တမ်း ဆက်လက်တိုးပေးရေးအတွက် ဒေသခံတွေရဲ့ ဆန္ဒသဘောထား ရယူရာမှာ ၂ နှစ်တိုင် သဘောမတူကြောင်း တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ‌ လတ်တ‌လောမှာ ကုမ္ပဏီတွေအနေနဲ့ လုပ်ကိုင်ခွင့်မရှိပေမဲ့ ပစ္စည်းတွေ မသိမ်းဆည်းရသေးတဲ့အတွက် စောင့်ရှောက်ဖို့ ဆောင်ရွက်နေတယ်လို့ ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးဆန်းက ပြောပါတယ်။  "ဒါကမြို့နယ်ရဲ့အပိုင်း ဖြစ်တယ်။ သူက စောင့်ရှောက်တဲ့အနေအထားပဲ ရှိတာ လုပ်ပိုင်ခွင့်ပေးမထားဘူး။ သူတို့မှာ စက်ပစ္စည်းယန္တရားတွေ သိန်းရာနဲ့ထောင်နဲ့ချီ ရင်းထားရတာလေ။ သူတို့မှာ အထက်လည်းတင်ထားတယ်။ အထက်ကလည်း စောင့်ရှောက်ဆဲ ကာလ၊ အလုပ်တော့မလုပ်ပါနဲ့ ဒါတွေကိုတော့ စောင့်ရှောက်ဖို့ရာကတော့ သူတို့မှာ တာဝန်ရှိတယ်လေ။ ဦးအမြင်ပြောရမယ်ဆိုရင်တော့ ရွာဂရမ်မြေမို့ ဒီကုမ္ပဏီတွေမလုပ်ပါနဲ့လို့ တားရင် ဒီရွာသားတွေကရော အများပိုင်ဆိုတာရှိတယ်။ အများပိုင် သူတို့က ပြိုင်လျှောက်နေကြတာ၊ အဓိပ္ပာယ်က ရွာမြေလို့ဂရမ်ကျပြီးပါပြီဆိုရင် သတ္ထုလုပ်ကွက် မဖြစ်နိုင်တော့ဘူး။ ဒါကို ရွာသားတွေက သတိထားသင့်တာပေါ့၊ သတ္ထုလုပ်ကွက်ဟုတ်ပါပြီ၊ သတ္ထုလုပ်ကွက် သူတို့လည်းလုပ်၊ ကျနော်တို့လည်း လုပ်ဆိုရင်တော့ ဒါမျှတမှု၊ ဦးအမြင် ပြောတာပေါ့နော်၊ ဘာလို့ဆို ဦးတို့ရဲ့အရပ်ဒေသကိုက ရွှေလုပ်မှစားရတဲ့ အရပ်ဒေသဖြစ်တယ်။" ချောင်းကြီးကျေးရွာကို ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ်မပြုခင်ကတည်းက ရွှေမိခင်တောင်နဲ့ ရွှေချောင်းကြီး ကုမ္ပဏီတွေဟာ ယခုနေရာမှာ လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ‌ရွှေမိခင်တောင် ကုမ္ပဏီထံ သွားရောက်မေးမြန်းခဲ့ပေမယ့် ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေ တဦးမှ မရှိဘူးလို့ ကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းက ပြောပါတယ်။ လုပ်ကွက်တွေ ရပ်နားထားတဲ့အတွက် ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေလည်း အဆိုပါ လုပ်ကွက်တွေမှာ မနေထိုင်ကြဘူးလို့ သိရပါတယ်။ ပစ္စည်းသိမ်းကာလ သတ်မှတ်ပေးဖို့ကိုတော့ ယခုရက်သတ္တပတ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စတာတွေထံ တင်ပြမယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024