စစ်တွေမြို့၊ မေတ္တာပါရမီ ကျောင်းတိုက်တွင် စစ်ဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်
DVB
·
January 30, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဆရာတော် ဦးရာဇိန္ဒရဲ့ မေတ္တာပါရမီ ကျောင်းတိုက်မှာ စစ်ဘေးရှောင်တွေအတွက် ယာယီကယ်ဆယ်ရေးစခန်းတခု ဖွင့်လှစ်ထားပါတယ်။
အဲဒီယာယီကယ်ဆယ်ရေးစခန်းရောက် နို့စို့အရွယ်ကနေ သက်ကြီးရွယ်အိုအထိ စစ်ဘေးရှောင်တွေဟာ တာပေါ်လင်စတွေကို မြေကြီးပေါ်မှာ ခင်းပြီးအိပ်နေကြရသလို အမိုးကိုလည်း ဖြစ်သလိုဟာ မိုးကာနေကြရပါတယ်။
စခန်းက စစ်ဘေးရှောင်အိမ်ထောင်စု ၂၄ စု လူဦးရေ ၁၀၀ နီးပါးအတွက် ခုချိန်အထိ လာရောက်ကူညီလှူဒါန်းမှုတွေမရှိသေးသလို အိမ်သာ တလုံးတည်းကိုသာ လူရာချီစုသုံးနေရတာမို့ အိမ်သာတွေလည်း အရေးတကြီးလိုအပ်နေတယ်လို့ စခန်းတာဝန်ခံတွေက ဆိုပါတယ်။
ဒါအပြင်သောက်သုံးရေအနေနဲ့လည်း ရပ်ကွက်နေ ပြည်သူ ၁၀၀၀ လောက် အသုံးပြုနေတဲ့ ရေကန်မှာ ရေတွေခန်းခြောက်နေပြီး မသန့်ရှင်းတော့လို့ စစ်ဘေးရှောင် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတင်ထားရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဒီစခန်းမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေက စစ်ဘေးရှောင်တွေခိုလှုံနေပြီး ဇန်နဝါရီ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်သို့ အကူအညီတောင်းခံစာ တင်ပြထားတယ်လို့ ဆရာတော်ကဆက်လက်မိန့်ကြားပါတယ်။
Photo - Kaung Mrat Naing / MPA