တွိင်ဘီ-အီကေဒါ ဆွေးနွေးခန်း 

စာအုပ်အမည်-   တွိင်ဘီ-အီကေဒါ ဆွေးနွေးခန်း                                                                                        ပြန်ဆိုသူ-   မြသန်းတင့်၊မောင်သာမည                                                                         ထုတ်ဝေသည့်အကြိမ်-  ဒုတိယအကြိမ် ၂၀၁၉ ဒီဇင်ဘာ ဒီတပတ်ဖတ်ဖြစ်တဲ့အထဲက “တွိုင်ဘီ-အီကေဒါ”ဆွေးနွေးခန်း”စာအုပ်ကို စာအုပ်စင်မှာတင်ဖို့ ရွေးလိုက်မိပါတယ်။ မူရင်းဆွေးနွေးသူတွေရော ပြန်ဆိုသူတွေရောက မိတ်ဆက်စရာမလိုအောင် လူသိများခဲ့ကြသူတွေ။ ဒါဖြင့် ဘာလို့စာအုပ်စင်မှာ တင်ရသလဲ…။ မြန်မာနိုင်ငံမှာ ဆွေးနွေးခန်းတွေ စာတတန်ပေတဖွဲ့ ရေးသားပြန်ဆိုကြတာတွေဟာ လက်ချိုးရေလို့ရတယ်။ ကျနော်စာအုပ်စင်မှာတော့ ငယ်စဉ်ကတည်းက ဖတ်ရှုခဲ့ရဖူးတဲ့ “မိလိန္ဒပဉှာ” ဆရာဇော်ဂျီရဲ့ “ပလေတိုနိဒါန်း” စတာတွေပေါ့။ မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန်တို့ရဲ့ အမေးအဖြေတွေဟာ ဗုဒ္ဓသာသနာရဲ့တရားထဲက ကြောင်းကျိုးဆက်စပ်မှု တွေကိုလေ့လာရတယ်။ ပလေတိုနိဒါန်းက ဆိုကရေးတီးနဲ့သူ့တပည့်တွေရဲ့ အပြန်အလှန်ဆွေးနွေခန်းတွေဆီက ဒိုင်ယာလက်တီကယ်မက်သတ်ရဲ့ ဆင်ခြင်တုံတရားကို လေ့လာခွင့်ရတယ်။ အခု တွိုင်ဘီနဲ့အီကေဒါဆွေးနွေခန်း..။ တခါတခါတိုက်ဆိုင်မှုဆိုတာ မရည်ရွယ်ပဲဖြစ်လာတတ်ပဲ။ ဒီစာအုပ်မှာလည်း မူလ ဆွေးနွေးသူက နှစ်ယောက်။ ပြန်ဆိုသူကလည်းနှစ်ယောက်။ မရည်ရွယ်ပဲဖြစ်ခဲ့တာ။ ဆရာမြသန်းတင့်က “အတွေးအမြင်စာစဉ်” မှာ လစဉ်ပြန်ဆိုနေရင်းဆုံးသွားတော့ ဒီစာအုပ်ကိုဖတ်ထားဖူးတဲ့ ဆရာမောင်သာမညက မြန်မာပရိတ်သက်အတွက် လိုအပ်မယ်ထင်တဲ့ အမြင်ကလည်းရှိ။ ဆရာမြသန်းတင့်ကလည်း တပိုင်းတစပြန်ထားဆိုတော့..။ ဆက်ပြန်ဆိုထုတ်ဝေဖို့ ဆန္ဒရှိ နေတာကြောင့် မြသန်းတင့်မိသားရယ်၊ အတွေးအမြင်စာစဉ်မိသားစုရယ်၊ မောင်သာမညရယ် ညှိနှိုင်းဆွေးနွေးရင်က ထွက်ပေါ်လာခဲ့တာ။ ဒါကြောင့် ဆွေးနွေးသူနှစ်ယောက်၊ ပြန်ဆိုသူနှစ်ယောက်ဖြစ်သွားတာပါ။ ဒါလည်းဒီစာအုပ်ရဲ့ ထူးခြားချက်လို့ ဆိုရမှာပါ။ ပြန်ဆိုကြရာမှာလည်း မောင်သာမညရဲ့ စကားပြေဟန်နဲ့ပြန်ဆိုမှုနဲ့ မြသန်းတင့်ဟန်နဲ့ ပြန်ဆိုမှုတို့မှာ ဝေါဟာရရွေးချယ်ပုံကအစ ညီမျှချောမွေ့နေတာကိုလည်း တမျိုးခံစားရပါတယ်။ နှစ်ယောက်စလုံးကလည်း အသိဉာဏ်ဖြန့်ကျက် ဆင်ခြင်နိုင်မယ့်စာတွေကို ပြန်ဆိုလိုကြတဲ့ စေတနာမှာလည်း တူညီနေတာကိုတွေ့နိုင်တယ်။ အခုစာအုပ်ကိုတော့ “တွိုင်ဘီ-အီကေဒါ‌ဆွေးနွေးခန်း”လို့အမည်ပေးထားတယ်။ တကယ်တော့ သူတို့ဆွေးနွေးကြတာတွေဟာ “လူ့ဘဝ၊လူမှုပြဿနာအထွေထွေ”လို့ပဲ ဆိုရမှာပါ။ “သည်စာအုပ်ဖတ်ခြင်းဖြင့် ဖတ်သူမှာ ရှုထောင့်တွေစုံ၊ အမြင်တွေကျယ်လာတဲ့အပြင် တွေးဆ ဆင်ခြင်စရာတွေလည်း အများကြီးရလာပါတယ်။”လို့ မောင်သာမညက အမှာစကား ဆိုခဲ့သလို မြသန်းတင့်ကလည်း “သူတို့နှစ်ဦးဆွေးနွေးချက်များဟာ အကြောင်းအရာ အတော်စုံပါတယ်။ ဒီနေ့ကမ္ဘာကြီးက ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒဿန၊ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာအစုံစုံပါပဲ”လို့ဆိုခဲ့ပါတယ်။ ဆွေးနွေကြတဲ့ ပြဿနာရပ်တွေကလည်း အစုံစုံပါ။ စာဖတ်သူရဲ့ အတွေးစိတ်ထဲမှာ ဒီနေ့ကြုံတွေ့နေရတဲ့ ဒွိဟဖြစ်ဖွယ်ရာ ကိစ္စရပ်တွေကို သူတို့ကြုံတွေ့ရင်ဆိုင်ချက်တွေနဲ့ ယှဉ်တွဲအဖြေရှာခဲ့ကြတာတွေကို တဝကြီးလေ့လာကြရမှာပါ။    ဆိုကြပါစို့။ ဒီနေ့ရင်ဆိုင်နေရတဲ့ “ဖို-မလွတ်လပ်ခွင့်ပြဿနာ”ကို သူတို့နှစ်ဦးလုံးလည်း ရင်ဆိုင်ကြရတာပဲ။ Sex Liberation ဟာ ကမ္ဘာနဲ့တဝန်း ကြီးကျယ်လာတဲ့ပြဿနာပဲ။ “ဒီကိစ္စကို အတင်းအဓမ္မဖုံးကွယ်မထားသင့်ဘူး။ ဒါပေမယ့် လွတ်လပ်မှု(Freedom)နဲ့ စည်းဝါးလွတ်မှု (License) နဲ့တော့ မတူဘူး”ဆိုတဲ့ထောင့်နေ အရှေ့တိုင်းအမြင်နဲ့ အီကေဒါကစဉ်းစားသလို “ကိုယ့်မှာ (လူမှာ) အဟိတ်တိရစ္ဆာန်နဲ့ တူတဲ့ အချက်တွေရှိသည့်တိုင် တိရစ္ဆာန်နဲ့ ကွဲပြားခြားနားအောင် ဂုဏ်သိက္ခာ(Diginity)ကို ထိန်းသိမ်းထားချင်တယ်။ ဒီမှာတင်ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ နည်းလမ်းတွေကိုရှာကြံလာကြတယ်။ အဲ့ဒီနည်းလမ်းတွေကတော့ အစဉ်အလာလက်ခံကျင်းသုံးခဲ့တဲ့ ဓလေ့ထုံးစံတွေပဲ”လို့ အနောက်တိုင်းအမြင်နဲ့ တွိုင်ဘီက ဆွေးနွေးခဲ့တာတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလိုပဲ “ဗီဇနဲ့ပတ်ဝန်းကျင်”၊ “စိတ်နဲ့ရုပ်”၊ “မသိစိတ်ကိုလေ့လာခြင်း”၊ “ဆင်ခြင်ဉာဏ်နဲ့ ထိုးထွင်းဉာဏ်”စတဲ့ ဒွိဟဖြစ်စရာအမြင်တွေကို ဆွေးနွေးခဲ့ကြတယ်။ စိတ်နဲ့ရုပ်ဆိုတာ နာမ်ဝါဒီနဲ့ ရုပ်ဝါဒီတို့ ရှေးပဝေသဏီထဲက ဒဿနဆရာတွေ အငြင်းပွားခဲ့ကြတာကလား။ ဒီမှာလည်း အရှေ့နဲ့အနောက်အမြင်ဆိုပေမယ့် “ရုပ်နာမ်သမူဟ” ဖြစ်ရေးမှာ တူညီစွာစဉ်းစားမိကြတယ်။   တွိုင်ဘီက “ရုပ်ဝါဒသော်လည်းကောင်း နာမ်ဝါဒသော်လည်းကောင်း ကျေနပ်လောက်တဲ့ တခုတည်းသောအဖြေမဟုတ်ဘူး။ ရုပ်ဟာ နာမ်မပါပဲ နားလည်နိုင်လို့ရနိုင်တဲ့အရာ မဟုတ်ဘူး။ နာမ်ဟာလည်း ရုပ်မရှိဘဲ နားလည်သဘောပေါက်နိုင်တဲ့ အရာမဟုတ်ဘူး။ နာမ်ရောရုပ်ရော ပေါင်းစည်းသမူဟဖြစ်မှသာ နားလည်နိုင်တဲ့အရာလို့”ဆိုတယ်။ အီကေဒါကတော့ “ရုပ်ဝါဒီတွေရော နာမ်ဝါဒီတွေရော နှစ်ဦးစလုံးဟာ ပြဿနာရဲ့ဘက်တဖက်ကိုသာလက်ခံပြီး ရုပ်နဲ့နာမ်တို့ရဲ့ ဆက်သွယ်မှုကိုသဘောမပေါက်ကြဘူး”လို့ယူဆခဲ့ကြတာ။    “မသိစိတ်”ကိုလေ့လာရာမှာလည်း အီကေဒါက “ရုပ်တရားနဲ့ နာမ်တရားတို့အကြောင်းကို သိချင်ရင် လူတွေရဲ့ အလုပ်၊ တွေးခေါ်မှုနဲ့ တောင့်တမှုတို့ရဲ့ နောက်ကွယ်မှုရှိနေတဲ့ မသိစိတ်နယ်ပယ်ကိုလေ့လာမှသာ သိနိုင်နားလည် နိုင်လိမ့်မယ်”လို့ ရုပ်နာမ်နဲ့ဆက်စပ်ပြောခဲ့သလို တွိုင်ဘီကတော့ “မသိစိတ်ဟာ ထိုးထွင်းသိစိတ်(Intuition)ရဲ့ ရေသောက်မြစ်”လို့ဆိုတယ်။ ဒါအပြင် မသိစိတ်ဟာ ကဗျာလင်္ကာနဲ့ဝိပဿနာဉာဏ်(Religious Insight) တို့ရဲ့ ရေသောက်မြစ်လို့ ထပ်ဆင့်ဖွင့်ဆိုပြခဲ့တယ်။ နောက်ကဏ္ဍတခုမှာတော့ “ထိုးထွင်းဉာဏ်နဲ့ ဆင်ခြင်ဉာဏ်အကြောင်း ဆွေးနွေးကြပြန်ပါတယ်။      နောက်အခန်းတခုမှာတော့ “ပတ်ဝန်းကျင်အကြောင်း”ပါ။ ဒီမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝကပ်နဲ့လူလုပ်ကပ်၊ ကျေးလက်ဘွဲ့၊ ကမ္ဘာကြီးပျက်စီးလုနီးပြီလော၊ ကြော်ငြာ၊ လောဘ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု စတာတွေပါဝင်ပြီး အသိပညာအခန်းမှာတော့..။ ကြီးပွားချမ်းသာချင်လို့ ပညာသင်တာလား။ စာပေရဲ့ဩဇာ။ ပညာတတ်နဲ့သာမန်ပြည်သူ။ ပညာတတ်များ အနုပညာရှင်များနဲ့ နိုင်ငံရေးလူမှုရေး။ သိပ္ပံနည်းကျအသိရဲ့အကန့်အသတ်များ စတာတွေပါဝင်တယ်။   ကျန်းမာရေးနဲ့ဖူလုံရေး “လူမှုရေးထဲကလူ”ဆိုတဲ့အခန်းတွေမှာ စာဖတ်သူစိတ်ဝင်စားမယ့် အချက်တွေကို ဆွေးနွေးထားကြတာပါ။ “လူထုဆက်သွယ်ရေးရဲ့ ဘက်မလိုက်မှု၊ ရေးသား ထုတ်ဝေခွင့်ဆိုင်ရာ ကန့်သတ်မှု၊ အဖွဲ့အစည်းနဲ့ တန်ဖိုးသိစိတ်၊ သေဒဏ်ဖျက်သိမ်းခြင်းဆိုတဲ့ ဆွေးနွေးချက်တွေဟာလည်း ဒီနေ့ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးနဲ့အတူ ဖြစ်ပေါ်လာတဲ့ ခေတ်ပေါ်ပြဿနာရပ်တွေပါပဲ။    ဒီစာအုပ်ကတော့ မူရင်း “တွိုင်ဘီနဲ့အီကွေဒါတို့ဆွေးနွေးခန်းရဲ့ ပထမကဏ္ဍတခုကိုပဲ ပြန်ဆိုထားတာပါ။ ဒီဆွေးနွေးခန်းကို ဖတ်နေရင်း စာဖတ်သူကိုယ်တိုင်လည်း အလိုအလျောက် သူတို့နဲ့အတူ ပါဝင်ဆွေးနွေးပြီးသား ဖြစ်သွားမှာ အသေအချာပါ။ ဒါကြောင့် စာဖတ်သူအနေနဲ့ သူတို့ဆွေးနွေးချက်တွေနဲ့ သဘောတူတာ၊ မတူတာတွေကို ချင့်ချိန်နှိုင်းဆနိုင်ဖို့ ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တအုပ်အဖြစ် တင်ပြလိုက်ရကြောင်းပါ။ ထွန်းဇော်ဌေး (မှတ်ချက်။   ။ စာအုပ်စင်ကဏ္ဍကို ရေးသားညွှန်းဆိုနိုင်ရန်အတွက် စာပေထုတ်ဝေသူများအနေဖြင့်  ဒီဗွီဘီ၏ စာအုပ်စဉ်ကဏ္ဍသို့ ထွက်ရှိသည့်စာအုပ်စာပေများကို ပေးပို့နိုင်ပါသည်။) 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up