မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ ဇန်နဝါရီ ၂၉ရက် မနက်ပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၅ ဦးနဲ့ လမ်းပြ ၆ ဦးတို့ကို မော်တော်ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နဲ့အဖွဲ့ လှည့်ကင်းဆောင်ရွက်နေချိန် ပုသိမ်-မုံရွာ ကားလမ်းမပေါ် မသင်္ကာဖွယ် အဖြူရောင် ပရိုဘောက် ကားတစီးရပ်တာတွေ့လို့ စစ်ဆေးရာက ဖမ်းမိခဲ့တာလို့ ရေနံမနယ်မြေရဲစခန်း ရဲအုပ်အောင်မင်းဦးက ပြောပါတယ်။
"Probox အငှားယာဉ်ပေါ်ကနေ လမ်းပြ သုံးဦး ဖမ်းမိခဲ့ပြီး လက်ပံတံခါးကျေးရွာအနီးကနေ ခိုးဝင်ဘင်္ဂါလီ ၅ ဦးနဲ့ လမ်းပြ ၃ ဦးထပ်မံ ဖမ်းမိခဲ့တာပါ။ စစ်ဆေးချက်အရ ဘင်္ဂါလီ လူမျိုးတွေဟာ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ကနေ ရန်ကုန်အရောက် တဦးကို ကျပ်သိန်း ၃၀၊ ရန်ကုန်ကနေ မလေးရှားနိုင်ငံသို့ ကျပ် ၂၅ သိန်း ပွဲစားခပေးဖို့ သဘောတူညီပြီး အလုပ်လုပ်ဖို့ သွားရောက်တာလို့ သိရပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်အရ ဆက်စပ်သူ သုံးဦးကိုလည်း မကွေးမြို့ မလိခတည်းခိုခန်းမှာ ဖမ်းမိထားတယ်။”
အဆိုပါ ဘင်္ဂါလီ ၅ ဦးနဲ့ အခကြေးငွေယူပြီး လိုက်ပါပို့ဆောင်သူ ၆ ဦးတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး