DVB Logo
Home
မြန်မာသတင်း
နော်ဝေနိုင်ငံကို အတုယူပြီး ကြိုးပမ်းရန် သမ္မတ ပြောကြား
DVB
·
February 27, 2013
နော်ဝေနိုင်ငံကို အတုယူပြီး ကြိုးပမ်းရန် သမ္မတ ပြောကြား
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ဖို့အတွက် နော်ဝေနိုင်ငံရဲ့ဖြတ်သန်းမှုကို အတုယူပြီး ကြိုးပမ်းဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က နော်ဝေနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ နော်ေ၀၀န်ကြီးချုပ် ဂျန်စ် စတိုလ်တန်ဘာ့ဂ်၊ နိုင်ငံခြားရေးဝန်ကြီး အက်စ်ပန် ဘာ့သ် အိဒယ်တို့နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ်နဲ့ အော်စလိုမြို့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

“ကွဲပြားမှုများစွာရှိပေမယ့် ကျနော်တို့နိုင်ငံမှာ တူညီတာတခုကတော့ သဘာဝသယံဇာတ အထူးသဖြင့် စွမ်းအင်ဆိုင်ရာသယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံတွေ ဖြစ်ကြတယ်။ ကျနော်တို့အနေနဲ့ သဘာဝသယံဇာတတွေကို ပြည်သူတွေအားလုံးအတွက် အကျိုးရှိအောင် ဘယ်လိုစီမံခန့်ခွဲမယ် ဆိုတာကို နော်ဝေနိုင်ငံကနေ လေ့လာသင်ယူနိုင်မှာဖြစ်တယ်။ ဒါ့အပြင် ကျနော်တို့ နှစ်နိုင်ငံလုံးဟာ နိုင်ငံငယ်တွေဖြစ်ကြပြီး မိမိတို့ရဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့အခြေအနေကို ဖြတ်သန်းခဲ့ရတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းလည်း အင်အားကြီးတဲ့နိုင်ငံတွေရဲ့ ဆက်ဆံရေးကို သတိကြီးစွာထားပြီး နိုင်ငံခြားရေးမူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်ခဲ့ရတယ်။ ဥရောပရဲ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ နော်ဝေဟာ အကြွယ်ဝဆုံးနိုင်ငံရောက်ရှိနေပါပြီ။ နော်ဝေနိုင်ငံဖြတ်သန်းခဲ့ရတဲ့ ခရီးနဲ့ အောင်မြင်မှုတွေကို ကျနော်တို့အနေနဲ့ အတုယူကြိုးပမ်းနိုင်မယ်ဆိုရင် ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေလည်း မလွဲမသွေအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေ ပြန်လည်ထိတွေ့ဆက်ဆံဖို့အတွက် နော်ဝေနိုင်ငံဟာ အဓိကအခန်းကဏ္ဍကနေ ကူညီဆောင်ရွက်ခဲ့တယ်လို့ သမ္မတဦးသိန်းစိန်က ဆိုပါတယ်။

“ကမ္ဘာ့နိုင်ငံတွေကို အတိအလင်း ပြောကြားလိုတာကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျနော်တို့နိုင်ငံနဲ့ အနောက်နိုင်ငံများနဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေးမှာ နော်ဝေနိုင်ငံကနေ တက်ကြွစွာ ဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့နိုင်မှုတွေကနေ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲနေတာအတွက် အဓိကကျတာဖြစ်တယ်။ နော်ဝေပြည်သူများအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးအတွက် နော်ဝေနိုင်ငံ ခေါင်းဆောင်များနဲ့ သံတမန်များရဲ့ ကြိုးပမ်းမှုကို ကျနော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ နော်ဝေနိုင်ငံသားတွေအနေနဲ့လည်း ဂုဏ်ယူဝမ်းမြောက်သင့်ကြောင်း ပြောကြားလိုပါတယ်။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နော်ဝေနိုင်ငံရဲ့ အားပေးကူညီမှုတွေဟာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်ဖြစ်တယ်လို့ ပြောပါတယ်။

နော်ဝေနိုင်ငံဟာ မြန်မာအစိုးရ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ထောက်ခံအားပေးမှုတွေ အများအပြားရှိခဲ့တဲ့အတွက် ကျေးဇူးတင် အသိအမှတ်ပြုတဲ့အနေနဲ့ ပထမဆုံးလာရောက်တာဖြစ်တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေ၊ ချေးငွေတွေ ပြန်လည်ရရှိရေးကြိုးပမ်းချက်တွေမှာ နော်ဝေနိုင်ငံက ကူညီခဲ့သလို မြန်မာထံက ရစရာရှိတဲ့ အကြွေးတွေ လျော်ပစ်ခဲ့တာတွေကိုလည်း သမ္မတက ထည့်သွင်းပြောဆိုပါတယ်။

နော်ဝေနိုင်ငံဟာ အားနည်းချက်တွေကို အပြစ်တင်တာထက် လက်တွေ့ကျကျ အဖြေရှာဖို့အတွက် ရင်းနှီးပွင့်လင်းစွာ လက်တွဲဖော်ဆောင်ခဲ့တဲ့ မိတ်ဆွေကောင်းနိုင်ငံဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

သမ္မတဟာ နော်ဝေနိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံရာမှာ မြန်မာပြည်ရဲ့ အနာဂတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ၊ ဖွံ့ဖြိုးရေးအကူအညီတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရ မတိုင်ခင် စစ်အစိုးရလက်ထက်တုန်းက   လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပြစ်တင်ဝေဖန်ပြီး ဒဏ်ခတ်ပိတ်ဆို့ခဲ့သလို မြန်မာ့အရေးကို လုံခြုံရေးကောင်စီအစည်းအဝေးမှာ ထည်သွင်းဆွေးနွေးခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေနိုင်ဖို့ နော်ဝေနိုင်ငံရဲ့ အကူအညီတွေဟာ အရေးကြီးကြောင်း ဦးသိန်းစိန်က ထည့်သွင်းပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာပါတဲ့ နိုင်ငံ ၅ ခုကတော့ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်၊ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေဖြစ်ကြပြီး အဖွဲ့ဝင် ၃၀ ခန့် လိုက်ပါသွားပြီး မတ် ၈ ရက်နေ့မှာ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013