DVB Logo
Home
မြန်မာသတင်း
မအူပင်က လယ်သမားဆန္ဒပြ ဖြိုခွင်းမှု ၁ ဦးသေ၊ ၇၀ ခန့် ဒဏ်ရာရ
DVB
·
February 27, 2013
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုထဲက သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရရေး တောင်းဆိုနေတဲ့ လယ်သမား ၅၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၃၀၀ ခန့် ထိပ်တိုက်တွေ့နေရာက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရဲနဲ့ အရပ်သား စုစုပေါင်း ၇၀ လောက် ဒဏ်ရာရသွားပြီး ရဲ ၁ ဦး သေဆုံးခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်က မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းမှာ လယ်သမားတွေရဲ့ ဘိုးဘွားပိုင်မြေ ဧက ၁ ထောင်ကျော်ကို  စစ်အစိုးရလက်ထက်မှာ သိမ်းဆည်းခဲ့ပါတယ်။

လယ်ယာမြေသိမ်းဆည်းခံခဲ့ရတဲ့ ရွာ ၆ ရွာကတော့ အဒိတ်ကျေးရွာ၊ ပလောင်ကျေးရွာ၊ ပပင်းကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာနဲ့ ကွန်တိုင်းလေးကျေးရွာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသိမ်းဆည်းမြေပေါ်မှာ အောချက်ကုမ္ပဏီက ရေကန်တူးထားပါတယ်။ အစိုးသစ်လက်ထက်မှာ လယ်သမားတွေက အဲဒီနေရာမှာ ပြန်လည်စိုက်ပျိုးခွင့်ရဖို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်ပြီး  ဒီကနေ့ထိ  စုရုံးဆန္ဒထုတ်ဖော်ခဲ့သလို မနေ့က ရေကန်ကို ဖောက်ချခဲ့ပြီးတဲ့နောက် ရဲက နေ့ခင်းပိုင်းမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက် ညနေ ၆ နာရီခွဲကျော်ကျော်မှာ ဆန္ဒပြသူတွေရှိရာကို လာရင်း နှစ်ဘက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်၊ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်က ဒိုင်း၊ လွှားတွေနဲ့ ချီတက်ပြီး ဆန္ဒပြသူတွေကို  သေနတ်ပစ်ဖောက် လူစုခွဲခဲ့သလို လယ်သမားတွေကလည်း ပြန်လည် တိုက်ခိုက်ကြတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရလူနာ ၁၀ ဦးထက်မနည်း မအူပင်ဆေးရုံမှာ ကုသနေရသလို ဒဏ်ရာရပေမယ့် ဆေးရုံမတက်သူက ၃၀ ကျော်ရှိတယ်လို့ ကွင်းဆင်းသတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ ဆေးရုံမှာတော့ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် ၂၇ ဦး ရှိတယ်လို့ သိရပါတယ်။

မနေ့ညက အခင်းစတင်ဖြစ်ပွားရာမှာ ပါသူတွေ ပြောဆိုချက်အရ ကန်ဘောင်တဖက် တချက်စီမှာ ရဲတပ်ဖွဲ့နဲ့ လယ်သမားတွေ နှစ်ဘက်နေရာယူထားရာက ည ၆ နာရီခွဲခန့်မှာ လယ်သမားတွေ တားထားတဲ့စည်းရိုးကို ရဲတပ်ဖွဲ့က ၀င်ရောက်ဖျက်ဆီးပြီးတဲ့နောက် အခင်းဖြစ်တာ ဖြစ်ပါတယ်။

ဒီမနက်ပိုင်းမှာ ရာဘာကျည်ဆန်ထိတဲ့ အရပ်သား ၃ ဦးနဲ့ ဗိုက်ကိုရိုက်ခံရလို့ ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီးကို ဆေးရုံပို့ဖို့ ပြင်နေတယ်လို့ အခင်းဖြစ်တဲ့နေရာမှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ကိုအောင်ထွန်းမြင့်နဲ့ အခင်းဖြစ်တဲ့အခြေအနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့ညက အခြေအနေကို သိသလောက် ပြောပြပေးပါပါ။

“အခင်းဖြစ်တဲ့နေရာမှာ ၁၄၄ ထုတ်ပြီးတဲ့နောက်ပိုင်းမှာ ပစ်ခတ်မှုတွေ ရှိတယ်။ ပစ်ခတ်မှု ရှိတဲ့အတွက် လယ်သမားတွေနဲ့ ကျေးရွာသူ ကျေးရွာသားတွေ အားလုံးဒဏ်ရာရတာ အယောက် ၄၀ လောက်ရှိတယ်။ ပြည်သူ့ရဲဘက်ကတော့ ရွာသူရွာသားတွေနဲ့ ထိတိုက်တွေ့ပြီး ဒဏ်ရာရတာ ဆေးရုံမှာ ၁၇ ယောက်အပါအ၀င် အားလုံးပေါင်း ၂၇ ယောက်လို့ သိရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မေးမြန်းခွင့်ရတယ်ဆိုတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာပြောလဲ။

“အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်တယ်လို့ ပြောပါတယ်။ ဒီနေ့လည်း ကျေးရွာက သာသာနာပိုင် ဘုန်းတော်ကြီးတွေနဲ့လည်း ကြားဝင်ဖြေရှင်းဖို့အတွက် ကြိုးစားနေတာကို တွေ့ရတယ်။”

ပုဒ်မ ၁၄၄ ထုတ်တာနဲ့ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးမှူးက ဘာပြောလဲ။

“အဲဒါနဲ့ပတ်သက်ပြီး ထွေထွေထူးထူး ပြောတာ မရှိဘူး။”

ဒဏ်ရာရ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အခြေအနေကရော ဘယ်လိုလဲ။

“သွေးတွေလည်း ဆင်းနေတယ်လို့ ပြောတယ်။ ဘယ်ဘက်မျက်လုံးမှာ သွေးခြည်ဥထားတဲ့ ဒဏ်ရာတခု တွေ့တယ်။ သုံးလလောက်ရှိတဲ့ ကိုယ်ဝန်ကလည်း အရိုက်ခံရပြီး နာရီပိုင်းအတော်အတွင်းမှာ ကိုယ်ဝန်ပျက်ကျခဲ့တယ်။ အခုလောလောဆယ် ကိုက်ခဲနေတဲ့အတွက် မအူပင်ဆေးရုံမှာ ဆေးဝါးကုသဖို့ လူနာတင်ကားနဲ့ လာခေါ်သွားတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013