သင်ဇာဝင့်ကျော်ပါဝင်သည့် ‘မြမြ’ရုပ်ရှင် ဖေဖော်ဝါရီ ၆ ရက်ရုံတင်မည်(ရုပ်ရှင်နမူနာ)
DVB
·
January 29, 2020

ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား လူပြောများရေပန်းစားနေတဲ့ မြန်မာ ရုပ်ရှင်-မြမြကို လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးနဲ့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးတို့ က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်းနဲ့ ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကတော့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ မြမြအကြောင်းကို ရုပ်ရှင်အနေနဲ့ ဖန်တီးပုံဖော်လိုက်တာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိ ကဇာတ်ကောင်တဦးဖြစ်တဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကောင်မလေး မြမြနေရာမှာ တော့ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်က ပါဝင်မှာ ဖြစ်ပြီး အဲဒီအကြောင်းကို ဝိညာဉ်ဝင်ရောက်ပူးကပ်ခံရတဲ့ ကောင်မလေး ခင်ဇာခြည်လွင် နေရာမှာတော့ အငြိမ့်မင်းသမီး ဝင်းသပြေထွန်းက သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းတော်ဝင်၊ ဒီးဒီး၊ ယမုံ၊ မျိုးလှိုင်ဝင်း၊ လင်းနေ၊ ကိုစိုင်း နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။
ဒီရုပ်ရှင်ကားအတွက် လူကြမ်းသရုပ်ဆောင်သစ် လူရွေးပွဲကျင်းပချိန်ကတည်းက အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေရော၊ ချီးကျူးမှုတွေရော ရှိခဲ့ကာ လူပြောများ စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာပါ။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာပါ။