ကရင်ပြည်နယ်တွင် တပ်မတော် တပ်ရင်းမှူး ၁ ဦး ဆွဲမိုင်းတိုက်ခိုက်ခံရပြီး ကျဆုံး
နော်နိုရင်း
·
January 29, 2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်အကြားမှာ ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ တပ်မတော် ခမရ ၇၀၈ က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်စိုး ကျဆုံးသွားတယ်လို့ တပ်မတော်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီမှာ လမ်းကြောင်းသွားရောက်ကြည့်ရှုတဲ့စစ်ကြောင်း ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး စကခ ( ၄ ) လက်အောက်ခံ ခမရ ၇၀၈ စကမှူး၊ ဒုမှူးကြီးအောင်ကျော်စိုး ကျဆုံးသွားခဲ့တာလို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။
“ထင်းရှုးတောင်နဲ့ 63917 ကြားထဲမှာ ဆွဲမိုင်းဆွဲခံရပြီးတော့ ကျသွားတာလေ။ လမ်းပေါ်မှာပဲ ကျနော်တို့၊ လမ်းသွားကြည့်တာပေါ့ဗျာ။ လမ်းအခြေအနေ ကြည့်ရင်းနဲ့ ဖြစ်တာဗျာ။ လမ်းကြောင်း ကောင်းမကောင်း၊ အဲဒီမှာ လက်နက်ကိုင် တဖွဲ့ပဲ ရှိတယ်လေ။ ”
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ကန့်ကွက်စာတွေ ပို့ထားတယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ကတော့ ကန့်ကွက်စာတွေပို့တာပေါ့။ JMCU ကိုလည်းကန့်ကွက်ထားတယ်။ ကျနော်တို့ဒီအောက်ခြေမှာလည်း ကန့်ကွက်စာတွေပို့ထားတယ်။ ကေအန်ယူဆီကိုလည်း ကန့်ကွက်စာပို့ထားတယ်။ ကေအန်ယူ တပ်မဟာ ၅ ကိုလည်း ကန့်ကွက်စာ ပို့တာပေါ့။ အဲလိုပဲ ရှိပါတယ်။ ကျန်တာနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ ဘာမှ သီးခြား ပြောစရာမှမရှိတာ။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၂ က တပ်မဟာမှူး ပဒိုစောအယ်ဝါးကို မေးမြန်းရာမှာတော့ ဒီဖြစ်စဉ်ကို မသိရသေးကြောင်းနဲ့ ဖြစ်စဉ်ဖြစ်တဲ့နေရာက တပ်မဟာ ၅ နယ်မြေဖြစ်တဲ့အတွက် လမ်းဖောက်ဖို့ကိစ္စ သွားရောက်ကြည့်ရှုတာဖြစ်နိုင်ကြောင်း ပြောပါတယ်။
ကေအန်ယူ တပ်မဟာ (၅) ပြောခွင့်ရသူ ဗိုလ်မှူး ကလယ်ဒိုကို မေးမြန်းကြည့်ရမှာလည်း ဒီဖြစ်စဉ်ကို မသိရသေးကြောင်း ပြောပါတယ်။
ကေအန်ယူဟာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး အန်စီအေထိုးပြီးကတည်းက အခုချိန်ထိ နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး အသေအချာတွေ့ဆုံဆွေးနွေးနိုင်မှုမရှိသေးပါဘူး။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ၊ တပ်ရင်းဌာနချုပ်စခန်းတွေမှာ မြန်မာတပ်မတော်ဘက်က ဒရုန်းတွေ စေလွှတ်ပြီး စုံစမ်းထောက်လှမ်းတဲ့အပေါ် ကေအန်ယူ တပ်မဟာ ၅ ဌာနချုပ်က ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဆီကို ဇန်နဝါရီ ၂၁ ရက်က ကန့်ကွက်လွှာပေးပို့ထားပါတယ်။