Home
သုံးသပျခကျြ
ဖွဲ့စည်းပုံအခြေခံဥပဒေကို အာရုံပြုကြဖို့ အချိန်တန်ပါပြီ
DVB
·
February 27, 2013
Staff sell copies of Myanmar's constitution at the Lower House of Parliament in Naypyitaw
မြန်မာပြည်မှာ ဒီမိုကရေစီအနာဂတ်သေချာစေဖို့ဆိုရင် ဖွံ့ဖြိုးရေးနဲ့ စေ့စပ်ရေးတွေလောက်နဲ့ လုံလောက်တော့မယ့်ပုံမျိုး နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြုမူနေကြတယ်။ ကုလသမဂ္ဂနဲ့ အလှူရှင် နိုင်ငံတွေက နိုင်ငံချင်းအလိုက်တမျိုး၊ နိုင်ငံတကာ အတိုင်းအတာနဲ့တဖုံ အလုံးအရင်းနဲ့ ပုံအောနေကြတယ်။ အဲဒီထဲမှာ မြန်မာပြည်ကို ၂၁ ရာစု ဥပဒေစိုးမိုးတဲ့ ကမ္ဘာ့အသိုင်းအ၀န်းထဲ ၀င်ဆန့်လာဖို့ စီမံချက် ဆိုတာတွေလည်း ပါဝင်ပါတယ်။ သို့ပင်ငြား စံတော်ဝင် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စေတနာမွန်နဲ့ စေ့စပ်မှုတွေဟာ မှားယွင်းတဲ့ သုံးသပ်အကဲဖြတ်ချက်တွေအပေါ်မှာ တည်ဆောက်ထားတာမျိုးပဲ ဖြစ်နေပါတယ်။ ဆိုလိုတာက မြန်မာပြည်ရဲ့ အပြောင်းအလဲဟာ  မြန်မာပြည်သူပြည်သားတွေအတွက်ရော၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ မျှော်မှန်းထားတဲ့ ကမ္ဘာ့လုံခြုံရေးကိုပါ ပိုကောင်းလာစေမယ် ဆိုတာတွေကိုလည်း အထောက်အကူမပြုပါဘူး။ မှားယွင်းတဲ့ အကဲဖြတ်ချက်တွေလို့ ဆိုရတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကာကွယ်ရေးကိစ္စအ၀၀ကို စစ်ဦးစီးချုပ် (ဒုတိယဗိုလ်ချုပ်မှူးကြီး-မင်းအောင်လှိုင်) ကို အပ်နှင်းထားတဲ့ အချက်က အထင်အရှားရှိနေပေမယ့် မြန်မာပြည်မှာ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုကို တည်ဆောက်လို့ ရနိုင်တယ်ဆိုတဲ့ အယူအဆပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးနဲ့ဆိုင်တဲ့ ကိစ္စအ၀၀၊ တပ်ရေးတပ်ရာ ကိစ္စအရပ်ရပ်၊ စစ်တပ်ရဲ့အပြုအမူတွေမှာ ဘယ်လိုပဲ ရာဇ၀တ်မှုနဲ့ အဂတိလိုက်စားမှု မြောက်သည်ဖြစ်စေ၊ ပြစ်မှုမှန်သမျှ ကင်းလွတ်ခွင့်တွေ ပေးထားပါတယ်။ အမှန်တရားက ရိုးရှင်းပါတယ်။ မြန်မာပြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်တပ်ကို အရပ်သားရဲ့ ထိန်းချုပ်မှုအောက်မှာ မထားနိုင်ခဲ့ဘူးရင် သို့မဟုတ် မထားနိုင်သေးရင် ဘယ်လိုပဲ ဒီမိုကရေစီပြောပြော၊ ဘယ်လောက်ပဲ တရားဥပဒေစိုးမိုးရေးလို့ပဲ ဆိုဆို အပြောချည်းသက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ ဖွဲ့စည်းပုံအရ စစ်တပ်ကို တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ခွင့်နဲ့ အပြစ်တွေကနေ လွတ်ငြိမ်းခွင့်တွေ ပေးထားတာတွေကြောင့် စစ်ဆင်ရေးနဲ့ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ဖို့ ခွင့်ပြုထားသလို ဖြစ်နေပါတယ်။ လက်နက်တပ်ဆင်ရေး၊ လက်နက်ဖြုတ်သိမ်းရေး ကိစ္စအ၀၀မှာလည်း စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပေးထားပါတယ်။ ယုတ်စွအဆုံး ဘယ်လို ရည်ရွယ်ချက်နဲ့မဆို နျူကလီးယား နည်းပညာဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခွင့်တွေလည်း ပေးထားပါတယ်။ နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေဟာ စစ်တပ်ရဲ့ အကျိုးစီးပွားကို ကြီးကြီးမားမား အကျိုးပြုနေတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာအသိုင်းအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ဖိအားပေးမယ်ဆိုရင် မြန်မာစစ်တပ်က အလိုက်သင့်တုံ့ပြန်နိုင်စရာ အကြောင်းတွေ ရှိနေပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအ၀န်းဟာ စစ်တပ်ကို ဖိအားပေးဖို့ကိစ္စမှာ လျော့ရဲလွန်းနေပါတယ်။ ဒါတင်မက စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ အဆက်မပြတ် တိုက်ခိုက်နေတာတွေ၊ လျှို့ဝှက်တဲ့ လက်နက်နည်းပညာဖွံ့ဖြိုးရေး လုပ်ဆောင်နေတာတွေကို မသိကျိုးကျွန်ပြုထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခ နှစ်ပေါင်း ၆၀ သမိုင်းတလျှောက်လုံးမှာ အစိုးရစစ်တပ်က ကလေးစစ်သား အသုံးပြုတာ၊ တိုင်းရင်းသူတွေကို အဓမ္မပြုကျင့်တဲ့ အမှုတွေကို ကျူးလွန်တဲ့ အထောက်အထားတွေ အခိုင်အမာရှိပေမယ့် စစ်တပ်ထဲက အဖွဲ့ဝင်တယောက်တလေကိုတောင် စစ်ရာဇ၀တ်မှုနဲ့ တရားစွဲဆိုခြင်း မရှိခဲ့ပါဘူး။ နိုင်ငံတခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးတဲ့နေရာမှာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ကြပါတယ်။ ဥပဒေဖွင့်ဆိုချက်အရ အချုပ်အခြာအာဏာ သို့မဟုတ် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဆိုသည်မှာ ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာဟာ နိုင်ငံတော်ရဲ့ လက်ထဲမှာ အပြည့်အ၀ရှိခြင်းကို ခေါ်ပါတယ်။ စစ်တပ်အပေါ်မှာ ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာဖြစ်စေ လုပ်ပိုင်ခွင့် အလုံးစုံဟာ နိုင်ငံတော်ရဲ့လက်ထဲမှာပဲ ရှိရပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်အရ  "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်" ဆိုတာ အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုတဲ့ စံနဲ့ မကိုက်ညီပါဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဒီမိုကရေစီရေးအတွက် လက်တွေ့လှုပ်ရှားနေသူတွေပါ သိထားရမယ့် အချက်ကတော့ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့ အညီ ပြင်ဆင်ဖို့ မဖြစ်မနေလိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ စစ်တပ်အလိုကျ ပုံသွင်းထားတဲ့ နိုင်ငံရေးဘောင်ထဲကနေ စစ်မှန်တဲ့ဒီမိုကရေစီကို ထူထောင်လို့ မရပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ "တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်" လို့ အထွတ်တင်ထားပါတယ်။ စစ်တပ်က ရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေး အခြေခံတွေပေါ်ပေါက်ရေးထက် စစ်တပ်ရဲ့နိုင်ငံရေးအာဏာကို တည်တံ့အောင် အကွက်ချထားပါတယ်။ ဒါကြောင့် အပြောင်းအလဲအတွက် ပြတင်းတံခါးဖွင့်ပေးဖို့ စစ်တပ်ကို စည်းရုံးကြိုးပမ်းကြတဲ့အခါမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းအားထုတ်မှု လိုအပ်ပါတယ်။ စစ်တပ်ကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် အပ်နှင်းထားတဲ့ ပြဿနာကို ဝေးဝေးလံလံ ခြေရာခံဖို့ မလိုပါဘူး။ ၂၀၁၃ ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ အစိုးရစစ်တပ်က ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) ကို ထိုးစစ်တွေ ပြန်စခဲ့ပါတယ်။ အရပ်သား အစိုးရက ငြိမ်းချမ်းရေးတည်တံ့ဖို့ အားထုတ်မှုမှန်သမျှကို စစ်တပ်က မသိကျိုးကျွန်လုပ်လိုက်တာပါ။ ၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်း မြန်မာပြည်အလယ်ပိုင်းက စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့က လုပ်ကိုင်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြသူတွေကို နှိမ်နင်းတဲ့အခါမှာ အဖြူရောင် ဖော့စဖရပ်တွေကို အသုံးပြုခဲ့ပြန်ပါတယ်။ ဒီစီမံကိန်းမှာ စစ်တပ်ရဲ့ စီးပွားရေး၊ အကျိုးစီးပွားတွေနဲ့ ပတ်သက်နေတဲ့ကိစ္စဟာ အငြင်းပွားမှုတွေရဲ့ ပင်မဇစ်မြစ်အကြောင်းအရင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဓနအင်အားအရ အတောင့်တင်းဆုံး စစ်တပ်ပိုင်လုပ်ငန်းတွေဟာ တခြားလုပ်ငန်းထက် အခွန်ကင်းလွတ်ခွင့် ရကြပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ လိုအပ်ချက် မြင့်မားနေတာကို ဖြည့်ဆည်းနိုင်ဖို့ ၀င်ငွေတွေ လျော့နည်းသွားစေပါတယ်။ ဥပဒေဖွင့်ဆိုချက်အရ အချုပ်အခြာအာဏာ သို့မဟုတ် အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဆိုသည်မှာ ဥပဒေကြောင်းအရ နိုင်ငံတော်က စစ်တပ်အပေါ်မှာ အပြည့်အ၀ထိန်းချုပ်နိုင်စွမ်းရှိမှုကို ဆိုလိုပါတယ်။ ထိန်းချုပ်နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ မြန်မာရှေ့နေကွန်ရက်နဲ့ အမေရိကန်အခြေစိုက် Justice Trust (USA) တို့ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ရဲတပ်ဖွဲ့ဟာ (လက်ပန်းတောင်းတောင်သပိတ်ကို) အင်အားအလွန်အကျွံသုံးပြီး ဖြိုခွင်းခဲ့တယ်။ စစ်တပ်က ထုတ်တဲ့ အဖြူရောင် ဖော့စဖရပ် ပါတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ သံဃာတော် အပါး ၁၀၀ ကျော် ဓာတုဓာတ် လောင်ကျွမ်းတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုထားပါတယ်။ အဖြူရောင် ဖော့စဖရပ်ကိုသုံးပြီး အရပ်သားတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ ၂၀၁၂ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကတိပေးခဲ့တဲ့ လူထုဆန္ဒပြကန့်ကွက်မှုကို အကြမ်းမဖက်နည်းနဲ့ အဖြေရှာဖို့ ဆိုတဲ့ သဘောထား၊ ကတိစကားတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဒီအဖြစ်အပျက်မှာ ဒီလောက်အန္တရာယ်များတဲ့ ဓာတုလက်နက်ကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုအမိန့်ပေးခဲ့သလဲဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းပေါ်လာပါတယ်။ အရပ်သားအစိုးရနဲ့ ရဲတွေရဲ့ လုပ်ရပ်မှာ ၀ိရောဓိ ဖြစ်နေတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုရဲ့လက်အောက်ခံ ဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်နေတဲ့ ရဲတပ်ဖွဲ့ကို ဒီလို ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်တွေမှာ တာဝန်ရှိလို့ဆိုပြီး အလွယ်တကူနဲ့ အရေးယူဖို့ မဖြစ်နိုင်ပါဘူး။ အဖြူရောင် ဖော့စဖရပ်ကို အသုံးပြုခဲ့တာကိုထောက်ရင် မြန်မာပြည်မှာ အရပ်သားတွေကို တားဆီးဖို့ ဘယ်လိုလက်နက်ကိုမဆို အသုံးပြုမယ်ဆိုတာကို အချက်ပြလိုက်တာပါပဲ။ ဒီကိစ္စမှာ ကျူးလွန်သူတွေဟာ ရဲဖြစ်စေ၊ စစ်တပ်ဖြစ်စေ၊ ယုတ်စွအဆုံး စစ်တပ်က ငှားတဲ့ သီးသန့် လူမိုက်အဖွဲ့ တဖွဲ့ဖြစ်စေ ဘယ်တော့မှ လက်ရွံ့မှာမဟုတ်ပါဘူး။ အကြောင်းကတော့ မြန်မာပြည်မှာ ၁၉၆၂ ခုနှစ်ကစလို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ထဲက အပြစ်ကျူးလွန်လို့ အပြစ်ပေးခံခဲ့ရဖူးတဲ့ အစဉ်အလာ မရှိခဲ့ပါဘူး။ ဘယ်အရပ်သားအစိုးရကမှလည်း ရဲနဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါဘူး။ မြန်မာပြည်ရဲ့ နျူကလီးယား ကိစ္စကလည်း အစိုးရရဲ့အပြောနဲ့ စစ်တပ်ရဲ့အလုပ် ၀ိရောဓိဖြစ်နေတဲ့ နောက်ပြဿနာတရပ်ပါပဲ။ ၂၀၁၂ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း (အမှတ်စဉ် ၁၄) သင်တန်းဆင်းပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော်အနေနဲ့ အဏုမြူနည်းပညာကို  ဆေးပညာနယ်ပယ်၊ သုတေသနနယ်ပယ်နဲ့ စွမ်းအင်နယ်ပယ်တွေမှာ အသုံးချသွားမယ်” လို့ ပြောခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လတုန်းက သူကိုယ်တိုင် တပ်မတော်ဦးစီးချုပ် တယောက်အနေနဲ့ ပြောခဲ့ဖူးတဲ့ မြန်မာပြည်မှာ နျူကလီးယား အစီအစဉ်တွေ မရှိပါဘူး။ ဒါကြောင့် ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေးအဖွဲ့ (အိုင်အေအီးအေ) ကလည်း ၀င်ရောက်စစ်ဆေးဖို့မလိုပါဘူးလို့ ပြောခဲ့တာနဲ့ ကွဲလွဲနေပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ သမ္မတ ဦးသိန်းစိန်က နျူကလီးယားနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို တရားဝင်ကြေညာဖို့နဲ့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို စစ်ဆေးခွင့်ပြုဖို့ လိုအပ်တဲ့ နိုင်ငံတကာ သဘောတူညီချက်မှာ လက်မှတ်ထိုးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ဦးစီးချုပ်ကို အပြည့်အ၀ လုပ်ပိုင်ခွင့်အပ်နှင်းထားတဲ့ အခြေအနေမျိုးမှာ စစ်တပ်နယ်မြေထဲကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို ၀င်ရောက်စစ်ဆေးခွင့်ပြုဖို့ကိစ္စ သို့တည်းမဟုတ် စစ်တပ်နယ်မြေထဲက နျူကလီးယား အစီအစဉ်တွေကို စစ်ဆေးခွင့်နဲ့ ပတ်သက်လာရင် သမ္မတအနေနဲ့ ပြောတဲ့အတိုင်း ဖြစ်လာအောင် ဘာများ တတ်နိုင်မှာလဲလို့ မေးစရာရှိပါတယ်။ ယုတ်စွအဆုံး သမ္မတ ဦးသိန်းစိန်က မြောက်ကိုရီးယားအပေါ် နိုင်ငံတကာရဲ့ဒဏ်ခတ် ပိတ်ဆို့မှု မူအတိုင်းပဲ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဖြတ်တောက်ပါမယ်လို့ တောင်ကိုရီးယားနဲ့ (၂၀၁၂ မေလ) မှာ အမေရိကန် ခေါင်းဆောင်တွေကို အာမဘန္တေခံခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ၃ လပဲ ကြာပါတယ်။ မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံလမ်းကြောင်းကတဆင့် ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတခုဆီကို ပို့ဖို့ရည်ရွယ်ထားတဲ့ နျူကလီးယားသန့်စင်ရေးနဲ့ ဒုံးကျည်ဖွံ့ဖြိုးရေးလုပ်ငန်းမှာသုံးနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဂျပန်က ဖမ်းဆီးမိလိုက်ပါတယ်။ ပစ္စည်းဝယ်ယူတင်သွင်းခဲ့တဲ့ ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ ဆိုတာကလည်း မြန်မာစစ်တပ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ဒိုင်ခံဝယ်ပေးနေတဲ့ ထိပ်တန်းကုမ္ပဏီ တခုလို့ အမေရိကန်အစိုးရက ယုံကြည်ထားခံရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုင်းရင်းသားအရပ်သားတွေအပေါ် စစ်ရေးတိုက်ခိုက်မှု အထောက်အထားတွေက မြန်မာအစိုးရရဲ့ အပြောနဲ့ အလုပ် တခြားစီ ဖြစ်နေတဲ့ သက်သေတွေပါပဲ။ မြောက်ကိုရီးယားရဲ့အကူအညီနဲ့ နျူကလီးယားကဏ္ဍ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ချက်တွေကလည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ဒါတွေကို မသိကျိုးကျွန်ပြုထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်နဲ့ ဒီလို ချိုးဖောက်နေမှုကို အရေးမကြီးသယောင် လုပ်နေကြတယ်။ ဥပမာ ၂၀၁၂ ဒီဇင်ဘာလ အတွင်းမှာ နိုင်ငံတကာ ရှေ့နေများအစည်းအရုံး လူ့အခွင့်အရေး အင်စတီကျူ (IBAHRI) ကနေ မြန်မာပြည်၏ တရားဥပဒေစိုးမိုးမှု၊ စိန်ခေါ်မှုများနှင့် မျှော်လင့်ချက်များ (“The Rule of Law in Myanmar: Challenges and Prospects,”) ဆိုတဲ့ အစီရင်ခံစာထုတ်ပါတယ်။ ဒီထဲမှာ သုံးသပ်ထားတဲ့ အချက်တချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ (န၀တ၊ နအဖ ခေတ်က ဆောင်ရွက်ချက်တွေကို အကြောင်းပြုလျက် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဆိုတဲ့ ပုဒ်မ) ဟာ ဆိုးရွားတဲ့ ရာဇ၀တ်မှုမြောက် လုပ်ရပ်တွေနဲ့ အကျုံးမ၀င်ဘူးလို့ သုံးသပ်ထားပါတယ်။ အိုင်ဘီအေရဲ့ အစီရင်ခံစာထွက်ပြီး သိပ်မကြာခင်မှာပဲ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပုဒ်မ ၄၄၅ ကြောင့် ယခင် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော် လက်ထက်မှာဖြစ်ခဲ့တဲ့ အဂတိလိုက်စားမှုတွေ၊ အဂတိလိုက်စားတဲ့ အရာရှိတွေကိစ္စကို အရေးယူဖို့ ကိစ္စမှာ အကန့်အသတ်ဖြစ်နေတယ်လို့ ကိုးကားပြောသွားပါတယ်။ ပုဒ်မ ၄၄၅ ကြောင့် လောဘနဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ဖို့တောင် အခက်တွေ့နေရတယ် ဆိုရင် ဒီထက်ဆိုးတဲ့ (ဥပမာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု) တို့လို ရာဇ၀တ်မှုတွေကို ဘယ်လိုများ ဆောင်ရွက်ကြမလဲ။ နိုင်ငံတကာအသိုင်းအ၀ိုင်းထဲက တချို့က ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာားနည်းချက်ဟာ ကမ္ဘာ့လုံခြုံရေးအတွက်ပါ စိုးရိမ်သောကရှိနေတဲ့ အမြင်နိုးကြားမှုကတော့ ကောင်းတဲ့အချက်ပါပဲ။ မြန်မာပြည်ကို ၅ ရက်ကြာ လေ့လာရေးခရီးသွားခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး မစ္စတာ သောမတ်အိုဟေး ကင်တာနားကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံလူ့အခွင့်အရေးအတွက် အခက်အခဲဖြစ်စေတယ်လို့  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှာ  မှတ်ချက်ပြုခဲ့တယ်။ ကမ္ဘာတ၀ှမ်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၅၅၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နျူကလီးယားခေတ် ငြိမ်းချမ်းရေးဖောင်ဒေးရှင်းအဖွဲ့ (The Nuclear Age Peace Foundation (NAPF) ကလည်း ၂၀၁၂ နိုဝင်ဘာလမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို စာတစောင် ပို့ခဲ့တယ်။ စာထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပြုထားတဲ့အတွက် အရပ်သားအစိုးရအနေနဲ့ နိုင်ငံတကာကိုပေးထားတဲ့ ကတိနဲ့ ၀တ္တရားတွေအတိုင်း ဆောင်ရွက် နိုင်ရေးမှာ အခက်တွေ့နိုင်တယ်ဆိုတဲ့ ကိစ္စကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အလေးအနက်ထားစဉ်းစားဖို့ တိုက်တွန်းခဲ့တယ်။ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေဖြစ်တဲ့ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးနဲ့ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကိစ္စတွေမှာ မြန်မာပြည်က လေးစားလိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ ကို စိစစ်ပြခဲ့တယ်။ NAPF ရဲ့ ဥက္ကဋ္ဌ David Krieger က “မြန်မာပြည်မှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင်ကျင့်သုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားအစိုးရဟာ စစ်တပ်အပေါ်မှာ ထိန်းချုပ်နိုင်စွမ်း အလျဉ်းမရှိပါ။ ထိုအချက်ကြောင့် မြန်မာအစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များဖြစ်သော SCR 1540 or SCR 1874၊ ကုလသမဂ္ဂ ကြေညာစာတမ်း၊ ဂျနီဗာ သဘောတူညီချက်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် နှင့် နျူကလီးယား လက်နက်မပြန့်ပွားရေး သဘောတူညီချက်များကို လိုက်နာရန် မဖြစ်နိုင်ပါ” လို့ ထောက်ပြထားပါတယ်။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီအရေးအတွက် လက်တွေ့ ကြိုးပမ်းနေကြသူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အရေးကြီးတဲ့ ရည်မှန်းချက် အနေနဲ့ စဉ်းစားနေကြပေမယ့် လက်တွေ့မှာတော့  ၂၀၀၈ ဖွဲ့စည်းပုံ ကိုယ်နှိုက်က ပြင်ဆင်ရေးကို လမ်းလွှဲထားပါတယ်။ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရမှသာ ဖွဲ့စည်းပုံက ပြင်ဆင်နိုင်မယ်လို့ ပြဋ္ဌာန်းထားတာကြောင့် လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်းက ဥပဒေပြုရေးနဲ့ ပြင်ဆင်ရေး ကိစ္စအ၀၀မှာ ဗီတိုအာဏာကို သုံးခွင့်ရထားတာပါ။ အန်အယ်ဒီအမတ် ဦးဝင်းထိန် ရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို “ပျော့ပျောင်းတဲ့နည်းနဲ့ စည်းရုံးနေတယ်” (“talking sweet”) လို့ ဆိုပါတယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြား ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ပေးဆွဲထားတဲ့ ကိစ္စကို လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ အားမာန်အပြည့်နဲ့ ပြောဆိုဖို့ အခက်တွေ့နေရလို့ပါပဲ။ ဒီလို အခြေအနေနောက်ခံမှာ သမ္မတ ဦးသိန်းစိန် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် လိုလားကြောင်း ပြသချင်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လွတ်လပ်လပ် ပြန်သုံးသပ်ဖို့ တောင်းဆိုချက်မှုတွေကို ထောက်ခံနိုင်ပါတယ်။ စစ်တပ်ကိုယ်တိုင်က လိုက်ပါဆောင်ရွက်လာနိုင်အောင် နိုင်ငံတကာဥပဒေတွေကို ထောက်ခံတဲ့ ဆန္ဒတွေရှိကြောင်း သမ္မတ က ဦးဆောင် ပြသဖို့လိုပါတယ်။ ဥပမာ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (International Criminal Court) ရဲ့ ရောမ ဥပဒေ သဘောတူညီချက် (Rome Statute) မှာ လက်မှတ်ထိုးနိုင်ဖို့၊ ပါလီမန်ရဲ့ သဘောတူညီချက်ကို တောင်းခံနိုင်ပါတယ်။ ဂျနီဗာ သဘောတူညီချက်မှာ ခြွင်းချက်အနေနဲ့ ထည့်သွင်းထားတဲ့  အရပ်သားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ ကတိက၀တ်နဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြား လူမဆန်သော ရက်စက်မှုနှင့် အပြစ်ပေးမှုများကို ဆန့်ကျင်သော သဘောတူညီချက်မှာ မြန်မာနိုင်ငံက လက်မှတ်ထိုးရေးကို ထောက်ခံကြောင်း သမ္မတ အနေနဲ့ ပြသဖို့လိုပါတယ်။ သေချာတာကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအ၀ိုင်းအနေနဲ့လည်း မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းဖို့ အမှန်တကယ် စိုးရိမ်တယ်၊ လိုလားတယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်မြောက်အောင် ၀ိုင်းတွန်းဖို့ ခြေလှမ်းတွေ စသင့်ပါပြီ။ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေတဆင့် နိုင်ငံတကာ တရားမျှတမှုခုံရုံး (International Court of Justice) ရဲ့ မူဘောင်ထဲကနေ မြန်မာပြည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အကြံကောင်းပြုနိုင်ပါတယ်။ (ကိုဆိုဗို လွတ်လပ်ရေး ကြေညာစာတမ်းမှာ တရားဥပဒေနဲ့ ညီညွတ်မှုရှိအောင် ဒီလိုအကြံပြု ခဲ့ဖူးတယ်။) နိုင်ငံတကာ အကူအညီတွေနဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကတဆင့် ဒီလို တိုးတက်မှုမျိုးကို ဖန်တီးနိုင်တဲ့ အပြုသဘောခြေလှမ်းတွေ လှမ်းကြဖို့ အချိန်တန်ပါပြီ။  နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလို ညီညွတ်တဲ့ သန္နိဋ္ဌာန်နဲ့ ဆောင်ရွက်မှပဲ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ (ဆောင်းပါးရှင် JANET BENSHOOF သည် အမေရိကန်ပြည်ထောင်စု နယူးယော့ခ် အခြေစိုက် Global Justice Center ကို တည်ထောင်သူနှင့် လက်ရှိ ဥက္ကဋ္ဌဖြစ်ပါသည်) (မူရင်း၊ ၊  It’s time for the int’l community to address Burma’s constitution By JANETBENSHOOF)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024