မုံရွာမြို့နယ် ကျောက္ကာရေနံချက်ဖိုကုန်းတွင် မီးလောင်ပြီး လူ ၃ ဦးဒဏ်ရာရ
Aung Ko Latt
·
January 28, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုကုန်းမှာ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ၂၂ ဘီး ဆီသယ်ယာဉ် တစီးပေါ်ကို ဆီတင်နေစဉ် မတော်တဆ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မီးလောင်မှုကြောင့် ရေနံချက်ဖိုလုပ်သား ၃ ယောက်မှာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး မုံရွာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပါတယ်။
ခရိုင်မီးသတ်ဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဦးညီညီဇော်က "ဆီဘောက်ဆာကားထဲမှာ ကျန်တဲ့ အောက်တိန်းဆီရယ် ဒီက အသစ်တင်တဲ့ဆီရယ် ပွတ်တိုက်မှုကြောင့် တည်ငြိမ်လျှပ်စစ်ဖြစ်ပြီး မီးလောင်မှုဖြစ်တယ်လို့ ကနဦးယူဆထားပါတယ်။ အသေးစိပ်တော့ စုံစမ်းစစ်ဆေးနေဆဲပါ"လို့ ပြောပါတယ်။
မီးလောင်မှုကို တိုင်းမီးသတ်ဦးစီးမှူးဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင် ၈၀ ဝန်းကျင်က မီးငြိမ်းသတ်ယာဉ် ၇ စီး ရေသယ်ယာဉ် ၃ စီးနဲ့ ၂၅ မိနစ်ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ဒီမီးလောင်မှုက မုံရွာမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ်လည်းဖြစ်ပြီး မီးလောင်မှုနဲ့ပတ်သက်လို့ ဆုံးရှုံးမှုတန်ဖိုးတွေတော့ မသိရသေးပါဘူး။
ကျောက္ကာရေနံချက်ဖိုကုန်းက နှစ်စဉ်ပျမ်းမျှ အနည်းဆုံး ၃ ကြိမ်ခန့် မီးလောင်လေ့ရှိပါတယ်။ ရေနံချက်ဖိုတွေကလည်း ထင်းအစားထိုးစနစ်နဲ့ ပြောင်းလဲပြီး လုပ်ဆောင်လာကြပေမယ့် ထင်းသုံးစွဲမှု တချို့လည်း ရှိနေပါသေးတယ်။