Home
မြန်မာသတင်း
ပုသိမ်ခရိုင်တွင် ၃ ရက်အတွင်း တောဆင်ရိုင်း ၂ ကောင်သေဆုံး 
DVB
·
January 28, 2020
84461551_772274749923537_2007591675496497152_n
83240456_772274719923540_3572348510260953088_n
83198120_772274663256879_8573462408872329216_n
83180321_772274799923532_3817622216950939648_o
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်မှာ ဇန်နဝါရီ ၂၄ ရက်နဲ့ ဇန်နဝါရီ ၂၆ ရက်တွေမှာ တောဆင်ရိုင်း ၂ ကောင်သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဇန်နဝါရီ ၂၄ ရက်က ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့မှာ တောဆင်ရိုင်း ၁ ကောင် အသတ် ခံရလို့ သေဆုံးခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်မှာ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့မှာ တောဆင်ရိုင်း ၁ ကောင်သေဆုံးနေတာတွေရှိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ “ငရုတ်ကောင်းမြို့မှာ သေဆုံးနေတဲ့ တောဆင်ရိုင်းကတော့ အဆိပ်လူးမြားနဲ့ ပစ်ပြီး အသတ်ခံရတာ၊ ခုငွေဆောင်မှာတွေတဲ့ သေဆုံးနေတဲ့ ဆင်ကတော့ ပြင်ပဒဏ်ရာတော့မရှိဘူး ဘာကြောင့် သေဆုံးရတယ်ဆိုတာကို ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးတာတွေပြုလုပ်နေပါတယ်” လို့ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ ရှောက်ပင်ချောင်းကျေးရွာနဲ့ တောင်ဘက် ၃ မိုင်အကွာမှာ ဒူးထောက်အနေအထားနဲ့ သေဆုံးနေတဲ့ တောဆင်ရိုင်းကို ဒေသခံ တဦးက စတင်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေကို သတင်းပေးပို့ခဲ့လို့ သိရှိခဲ့တာပါ။ မြို့နယ်သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးတွေပါဝင် ပူးပေါင်းအဖွဲ့က သေဆုံးနေတဲ့ တောဆင်ရိုင်းကို သွားရောက်ကြည်ရှုစစ်ဆေး ချိန်မှာ ပြင်ပဒဏ်ရာမရှိဘဲ ဝမ်းဗိုက်ဖောရောင်ကား ဒူးထောက်အနေအထားနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သေဆုံးခဲ့တဲ့ တောဆင်ရိုင်းဟာ ဟိုင်းဆင်အမျိုးအစားဖြစ်ပြီး မွေးရာပါအစွယ်မပါတဲ့ အသက် ၂၀ နဲ့ ၃၀ ကြားရှိနိုင်ပြီး သေဆုံးရတဲ့အကြောင်းနဲ့ ဆင်အရွယ်အစားကို သိနိုင်ဖို့ မြန်မာ့သစ် လုပ်ငန်းက ဆင်ဆရာဝန်တွေနဲ့ သစ်တောဌာန၊ သစ်တောရဲတပ်ဖွဲ့ ပူးပေါင်း စစ်ဆေးမယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဆင်သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်လို့ ငပုတောမြို့မရဲစခန်းမှာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁ (က)နဲ့ အမှုဖွင့်ပြီး တရားခံတွေဖမ်းမိအောင် ဆောင်ရွက်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း တောဆင်ရိုင်း ၄ ကောင် အသတ်ခံခဲ့ရပြီး တောဆင်ရိုင်း ၂ ကောင် ကျန်းမာရေးမကောင်းလို့ သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ မှတ်တမ်းတွေအရသိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024