ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦး ထပ်မံတွေ့ရှိ 

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ နောက်ထပ် ၆ ဦးတွေ့ရှိတဲ့အတွက် စုစုပေါင်း ၁၄ ဦးရှိသွားပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပြောပါတယ် ။  ထပ်မံတွေ့ရှိသူ နောက်ထပ်လူနာ ၆ ဦးမှာ အမျိုးသမီး   ၂ ဦး အမျိုးသား ၄ ဦး တို့ဖြစ်ပြီး သူတို့အားလုံး တရုတ်နိုင်ငံ ဟူဘေးခရိုင် ဝူဟန်မြို့ကနေလာကြတာလို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆုခုမ်ကန်ကျနဖိမိုင်က ကနေ့မနက်မှာ သတင်းထောက်တွေကို ပြောပါတယ်။  အဆိုပါ ၆ ဦးအနက် ၅ ဦးမှာ ကလေးငယ်ပါတဲ့ မိသားစုတစုဖြစ်ပြီး နောက်တဦးမှာ သူတို့နဲ့အတူ ဝူဟန်လေကြောင်းလိုင်းကနေ ခရီးစဉ် တခုတည်းပါလာတာလို့ ဆိုပါတယ် ။  သူတို့ ၆ ဦးလုံးကို ကျန်းမာရေးဌာန ဓာတ်ခွဲခန်းကနေ ၂ ကြိမ် စစ်ဆေးရာမှာ နှစ်ကြိမ်လုံး ဗိုင်းရပ်စ်ပိုးရှိတာ တွေ့ရပေမယ့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကော်မတီရဲ့ အတည်ပြုချက်ထပ်မံရယူမယ်လို့ ဒေါက်တာဆုခုမ်က ပြောပါတယ်။  ဒီနေ့အထိ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၄ ဦး တွေ့ရှိခဲ့ပြီဖြစ်ပြီး အားလုံးဟာ တရုတ်ပြည်ကလာတဲ့ ခရီးသွားတွေဖြစ်ကြောင်း၊ ၁၄ ဦးထဲမှာ ၅ ဦး သက်သာပျောက်ကင်းသွားတဲ့အတွက် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ကျန်တဲ့ ၉ ဦးကိုတော့ ဆေးရုံသီးသန့်အခန်းမှာ အထူးကြပ်မတ်ကုသပေးလျက်ရှိတယ်လို့ ဆိုပါတယ် ။  ဒါ့အပြင် ဗိုင်းရပ်စ်မတွေ့ပေမယ့် သတိထားစောင့်ကြည့်ခံရသူ ၁၃၆ ဦးရှိပြီး ၂၉ ဦးမှာ နိုင်ငံတကာလေဆိပ်မှ စစ်ဆေးတွေ့ရှိကာ နောက်ထပ် ၁၀၇ ဦးကတော့ မိမိဘာသာ သံသယရှိလို့ လာရောက်စစ်ဆေးခံတာ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။  သူတို့တွေကို သီးသန့်အခန်းမှာ ထားပြီး ကုသပေးနေရာမှာ သက်သာလို့ ဆေးရုံကနေ ဆင်းခွင့်ပြုသူ ၅၅ ဦးရှိပြီး ၈၁ ဦး ကျန်သေးတယ်လို့ ဆိုပါတယ် ။  ထိုင်းမှာ နိုင်ငံတကာဝင်ပေါက်ဂိတ်တွေ ပိတ်ပင်ခြင်းမရှိသေးပေမယ့် ရောဂါကာကွယ်စစ်ဆေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ၊ အထူးသဖြင့် ဘန်ကောက် ဒွန်းမောင်းလေဆိပ် ၊ သုဝဏ္ဏဘူမိလေဆိပ် အစရှိတဲ့ နိုင်ငံတကလေဆိပ်တွေကို စောင့်ကြပ်စစ်ဆေးနေတယ်လို့ ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။  ထိုင်းမှာ ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်သူတွေ တွေ့ရှိပေမယ့်လည်း သေဆုံးသူ တဦးမှ မရှိသေးတဲ့အတွက် ဒီပိုးကူးစက်မှုကို ထိန်းချုပ်နိုင်လို့ နိုင်ငံ့ဝင်ပေါက်တံခါးပိတ်ဖို့ မလိုအပ်သေးဘူးလို့ ထိုင်းပြည်သူ့ ကျန်းမာရေးဌာန ဒုပြောခွင့်ရသူ နိုင်းအနုထင်း ချန်ဝီရကွန်းက သတင်းထောက်တွေကို ပြောပါတယ် ။  နိုင်ငံ့ဝင်ပေါက်ပိတ်ပစ်မယ်ဆိုရင် ထိုင်းခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကို ထိခိုက်သွားမှာ ဖြစ်တယ်လို့ နိုင်းအနုထင်းက ဆက်ပြောပါတယ်။  ဟူဘေးခရိုင်ထဲမှာ ပိတ်မိနေတဲ့ ထိုင်းတက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ၊ ထိုင်း နိုင်ငံသားတွေကိုတော့ ထိုင်းစစ်တပ်လေယာဉ်နဲ့ သွားရောက်ကြိုဆိုဖို့ စီစဉ်ထားပြီး လောလောဆယ် ဟူဘေးခရိုင် အာဏာပိုင်တွေက သွားလာခွင့်ပိတ်ပင်ထားလို့ မိမိနိုင်ငံသားတွေ ခေါ်ယူရေး ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။  ကိုးကား - ထိုင်းရတ်တီဗွီ ၊  ထိုင်းဒေသ ၃ ပြန်ကြားရေးဌာန ၊ ချင်းမိုင်နယူးစ် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up