Home
မြန်မာသတင်း
ကော့သောင်းနယ်စပ်ဂိတ်တွင် ကိုရိုနာဗိုင်း​ရပ်စ် စောင့်ကြည့်စစ်ဆေး
DVB
·
January 28, 2020
မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ်ဖြစ်တဲ့ ကော့သောင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တားဆီးကာကွယ်ရေးအတွက် ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းမှာ ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနက စတင်စစ်ဆေးနေပါတယ်။ ကော့သောင်းမြို့ဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးကာ ထိုင်းနိုင်ငံကတဆင့် နိုင်ငံစုံမှ ခရီးသွားတွေ ဝင်ရောက်လည်ပတ်ရာနေရာတခုဖြစ်ပါတယ်၊ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်မှုမရှိဖို့အတွက် နေ့စဉ်နိုင်ငံခြားသားတွေ အများဆုံးဝင်ရောက်နေတဲ့ ရေဆိပ်စစ်ဆေးရေးစခန်းမှာ ကျန်းမာရေး ကျွမ်းကျင်ဝန်ထမ်းတွေက တဘက်နိုင်ငံကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသား​တွေကို ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ပါဝင်လာ​တာရှိ/မရှိ လက်ကိုင်အဖျားတိုင်း ကိရိယာ Hand Terminal Gun နဲ့စမ်းသပ် စစ်ဆေးမှာ​ဖြစ်ပြီး နယ်စပ်ဂိတ်စဖွင့်ချိန်မှ ဂိတ်ပိတ်ချိန်အထိ နေ့စဉ် စစ်ဆေးမယ်လို့ ခရိုင်ကျမ်းမာရေးဦးစီးဌာနက သိရပါတယ်။ ခရိုင်ကျန်းမာရေးမှူးအဆင့်(၁) ဒေါက်တာအောင်စိုးလွင်က “ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာက အဓိက ကိုယ်အပူချိန်မြင့်တာ၊ လည်ချောင်းနာတာ၊ အသက်ရှူမဝတာတွေ ရှိမယ်။ အဲဒါကတော့ အဓိကပါပဲ။ ထိုင်းနိုင်ငံရနောင်းကနေ ဒီဘက်ကိုလာတဲ့ ကိုယ့်နိုင်ငံသားတွေ နိုင်ငံခြားသားတွေရဲ့ ကိုယ်အပူချိန်ကို အဓိက စစ်ဆေးသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။ လတ်တလော ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူလို့ သံသယရှိသူကို စမ်းသပ်တွေ့ရှိပါက ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ကုသပေးနိုင်အောင် စစ်ဆေးရေး စခန်းမှာ လူနာတင်ယာဉ်တစီး အသင့်ထားရှိပါတယ်။  ကော့သောင်းဆေးရုံမှာလည်း သီးသန့် လူနာဆောင်တခုကို အသင့်ပြင်ဆင်ထားရှိထားပြီး ကော့သောင်းနယ်စပ်ဂိတ်မှာ လက်ရှိအချိန်အထိ ရောဂါပိုးသံသယရှိသူ မပေါ်ပေါက်သေးဘူးလို့ ကျန်းမာရေးဦးဌာနမှ သိရပါတယ်။ သတင်း- လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024