DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီကို မဏ္ဍိုင်ထားပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းမည်ဟု မွန်ပြည်သစ်ပြော
DVB
·
February 26, 2013
Donate to DVB

ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကို မဏ္ဍိုင်ထားပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းသွားမယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မွန်ပြည်သစ်ပါတီက ဒီကနေ့ထုတ်ပြန်တဲ့ မွန်အမျိုးသားနေ့ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲကို အသေအချာစိစစ်ပြီး အနာဂတ်မှာ ထိုက်သင့်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဦးတည်ပြီး မွန်အမျိုးသားနိုင်ငံရေးပါတီအားလုံး တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရဆောင်ရွက်နေတဲ့ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေမှာ ကချင်ဒေသရဲ့ မသေချာမရေရာမှုနဲ့ ရှမ်းပြည်နယ်က ကြိုကြားတိုက်ပွဲတွေအတွက် ၀မ်းနည်းတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖိအားတချို့ကြောင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ရပ်နေသလို ဒီအတွင်းမှာ အစိုးရဘက်က ယူအန်အက်ဖ်စီနဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် စတင်ညှိနှိုင်းလာတာတွေဟာ အပြုသဘောဆောင်ပြီး ကြိုဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေကို ဖော်ပြထားသလို လူထုဆန္ဒထုတ်ဖော်ပွဲတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးတာဝန်ခံ နိုင်ဟံသာဘွန်ခိုင်က “မွန်ပြည်သစ်ပါတီက ယူအန်အက်ဖ်စီကို သီးခြားမဏ္ဍိုင်ထားပြီး ဆက်သွားဖို့ ဒီဘက်က လူထုကိုလည်း ရှင်းပြတာပေါ့။ တမျိုးသားလုံး ညီညီညွတ်ညွတ်နဲ့ အားလုံး အားခွန်စိုက်ကြိုးပမ်းသွားရင်တော့ ကျနော်တို့ အမျိုးသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရလာမှာပေါ့” လို့ ပြောပါတယ်။

မွန်အမျိုးသားနေ့ အခမ်းအနားတွေကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ၅ နေရာနဲ့ ပြည်တွင်းပြည်ပ မွန်တိုင်းရင်းသားတို့ရောက်ရှိရာ ဒေသတွေမှာ ကျင်းပခဲ့ကြတယ်။

မွန်ပြည်နယ်က ဗဟိုအခမ်းအနားကို မြို့နယ်ပေါင်းစုံ စုပေါင်းပြီး တနှစ်တနေရာ ပြောင်းလဲလုပ်ခဲ့တာမှာ ဒီနှစ်မှာတော့ ပေါင်မြို့နယ်  မြို့မအားကစားကွင်းကြီးမှာ စည်စည်ကားကား ကျင်းပခဲ့တယ်။ ဒီပွဲမှာ ငြိမ်းချမ်းရေးကို ရည်စူးပြီး တိုင်းရင်းသားလူငယ်များ ကွန်ရက်အဖွဲ့က ဂျိုးဖြူပုံ မီးပုံးပျံ လွှတ်တင်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ နိုင်လီတမက ပြောပါတယ်။

မွန်အမျိုးသားနေ့ကို အရင်စစ်အစိုးရလက်ထဲ့က်မှာ အကန့်အသတ်တွေနဲ့ ကျင်းပခဲ့ရပေမယ့် ဒီနှစ်မှာတော့ လွတ်လပ်စွာ ကျင်းပခွင့်ရခဲ့ပါတယ်။
မွန်အမျိုးသားနေ့ကို ပထမဟံသာဝတီ မွန်နိုင်ငံတော် စတင်တည်ထောင်ခဲ့တဲ့ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု သတ်မှတ်ဖို့ ၁၉၄၆ ခုနှစ်ကုန်ပိုင်းက သံဖြူဇရပ်မြို့နယ် ပငကျေးရွာ မွန်အမျိုးသားညီလာခံက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013