Home
မြန်မာသတင်း
မူဆယ်၌ ကိုယ်အပူရှိန်မြင့်သည့် မြန်မာ ၂ ဦးတွေ့ရှိ၊  ၁ ဦးကိုဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေ 
နန်းမြနဒီ
·
January 28, 2020
ကိုရိုနာဗိုင်းရပ်စ် အဆုတ်ယောင်ရောဂါ ကာကွယ်ရေးအတွက် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ နယ်စပ်အဝင်အထွက်ဂိတ်တွေကို သက်ဆိုင်ရာက စောင့်ကြည့်စစ်ဆေးနေရာမှာ မနေ့က ကိုယ်အပူရှိန်ရှိတဲ့ ခရီးသွား ၂ ဦးကို တွေ့ရှိခဲ့ပြီး မစိုးရိမ်ရပေမယ့်လည်း ကာကွယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။  အဆိုပါ ၂ ဦးမှာ မူဆယ်တဘက်ကမ်း ရွှေလီမြို့မှာ အလုပ်သွားလုပ်နေတဲ့ အသက် ၂၆ နှစ်ရွယ်ရှိ အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၀ ရွယ်ရှိ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ရိုးရိုးဖျားနာခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ လူနာတွေကို သွားရောက်ကြည့်ရှုအားပေးခဲ့သူ မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။  “မနေ့က မန့်ဝိန်းဂိတ်နဲ့ ဆင်ဖြူဂိတ်မှာ အပူရှိန်ပြင်းတဲ့ လူနာ ၂ ယောက်ကို တွေ့ပါတယ်။ တွေ့တော့ ဆေးရုံမှာ စစ်ဆေးလိုက်တဲ့အခါ အသက် ၂၀ ရွယ် လူရွယ်တယောက်က ရိုးရိုးအဖျားပဲ ဖြစ်တယ်။ အဖျားမရှိတော့တဲ့အခါကျတော့  သူ့ကိုပြန်လွှတ်လိုက်ပါတယ်။ နောက်တယောက်က အသက် ၂၆ နှစ်ရှိ အမျိုးသမီး သူကတော့ ဖျားနေလို့ ဆေးရုံမှာ သီးသန့်စောင့်ရှောက်လိုက်တယ် ပေါ့နော်။ မနေ့ည ၈ နာရီ ၅ မိနစ်မှာ သူ့ကိုစစ်လိုက်တဲ့ခါမှာ အပူချိန်က ၈၈ ဒဿမ ၆ ဘဲရှိတော့ ရိုးရိုးအဖျားပဲဖြစ်တယ်။ နောက်တခါ ဒီနေ့မနက်စစ်ဆေးတဲ့ခါကျတော့ အဖျားမရှိတော့ ရိုးရိုးလူနာ လို့ပဲ သတ်မှတ်တယ်။ ဒါပေမဲ့ ဆေးရုံကတော့ မဆင်းရသေးဘဲ စောင့်ကြည့်စစ်ဆေးနေတယ်လို့ သိရတယ်။” ကိုယ်ပူရှိန်ကြီးသူတွေဟာ မစိုးရိမ်ရပေမယ့်လည်း ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး အရှိန်မြှင့် ဆောင်ရွက်ဖို့အတွက် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် ဦးဆောင်ကာ ကနေ့မနက်မှာ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံ အစည်‌းအဝေးကျင်းပပြီး လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဦးသောင်းထွန်းက ပြောပါတယ်။  “ခရိုင်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အားလုံးကိုခေါ်ပြီး ဒီကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အစည်းအဝေးခေါ်ယူပါတယ်။ ခရိုင်မှူးက လက်ရှိဆောင်ရွက်ချက်တွေ လိုအပ်ချက်တွေ ရှင်းလင်းတယ်။ အထူးသဖြင့်တော့ သတိထားစောင့်ကြည့်ဖို့ပေါ့နော်။ တွေ့လာရင်လည်း ချက်ချင်းအကြောင်းကြားဖို့၊ မတွေ့ခင် မဖြစ်ခင်မှာလည်း အဝင်အထွက်တွေ ဂရုစိုက်ဖို့ ပြောပါတယ်။ ကျန်းမာရေး စောင့်ရှောက်ဖို့ အနေနဲ့လည်း ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ အလှူငွေ ၁၀ သိန်းလှူဒါန်းပါတယ်။ နောက်ပြီး တော့ စမ်းသပ်စစ်ဆေးတဲ့ကရိယာတွေ ထပ်မံဝယ်ယူဖို့ရယ်၊ ကျယ်ခေါင်အပေါက်ဝမှာ အားလုံး အန္တရာယ်ကင်းအောင် ဆောင်ရွက်နိုင်ဖို့ရယ်၊ နှာခေါင်းစည်းတွေထပ်ဝယ်ဖို့ လဝကရော ရဲတွေရော အားလုံးပူးပေါင်းပါဝင်ဖို့ ဆွေးနွေး ပါတယ်ခင်ဗျ။” အဆိုပါ အစည်းအဝေးကနေ မူဆယ်ခရိုင်ရှိ နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ မန်ဝိန်း၊ ဆင်ဖြူ၊ နန်းတော်၊ ကျင်စန်းကျော့၊ ပန်ဆိုင်း၊ မုံးကိုး၊ နမ့်ခမ်းစတဲ့ ဝင်ပေါက်က ဝင်လာသူတွေကို ကျန်းမာရေးစစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေအပြင် ပရဟိတ လူမှုကူညီရေးအဖွဲ့ဝင်တွေပါ အားဖြည့်ကူညီဖို့ ဆွေးနွေးပြီး ခေတ်မီစစ်ဆေးရေးကိရိယာတွေ တပ်ဆင်နိုင်အောင် ကြိုးစား သွားမယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အသိပညာပေးရေးလုပ်ငန်းတွေ ပိုမို ဆောင်ရွက်ဖို့၊ ဗွီနိုင်းပိုစတာများ တပ်ဆင်ခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်း၊ စာသင်ကျောင်းတွေမှာ ပညာပေးဟောပြောပွဲတွေ ပြုလုပ်ခြင်းတွေ ပြု လုပ်သွားဖို့ ရှိနေပါတယ်။  နယ်စပ်တရားဝင်ဂိတ်တွေမှာ စစ်ဆေးနေပေမယ့် တရားမဝင်လမ်းကြောင်းကနေ သွားလာနေသူတွေကိုတော့ စစ်ဆေးလို့မရနိုင်ကြောင်း၊ အထူးသဖြင့် နယ်စပ်ဖြတ်လက်မှတ် သက်တမ်းကုန်ပြီး တရုတ်ပြည်မှာ အလုပ်လုပ်နေသူတွေဟာ တရားဝင်လမ်းကနေပြန်လို့ မရတာကြောင့် အခြားလမ်းကနေ ပြန်လာလို့ သူတို့ ကျန်းမာရေးအတွက်တော့ စိုးရိမ်စရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။  ဒါကြောင့် တရုတ်ပြည်ထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေရော၊ တရား မဝင်လမ်းကနေ ပြန်လာမယ့် သူတွေရော မိမိကိုယ်တိုင် နေမကောင်းဖြစ်တယ်လို့ သံသယရှိက နီးစပ်ရာ ကျန်းမာရေးဆေးရုံဆေးခန်းတွေမှာသွားပြဖို့ လိုအပ်ကြောင်း ဦးသောင်းထွန်းက ပြောပါတယ်။  တရုတ်နိုင်ငံထဲမှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ သိန်းချီသွားရောက် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024