တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၆ ဦးအထိ ရှိလာ

REUTERS/Luis Echeverria
တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေ ၁၀၆ ယောက် ရှိပြီး လူ ၄၅၁၅ ယောက် ကူးစက်ခံထားရတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၈ ရက်မှာ တရားဝင် ထုတ်ပြန်ကြေညာပါတယ်။ တရက်အတွင်း ကူးစက်ခံဦးရေ နောက်ထပ် လူ ၁၇၇၁ ယောက်အထိ မြင့်သွားခဲ့တယ်လို့လည်း ပြောပါတယ်။ ကူးစက်မှုဒဏ် အဆိုးရွားဆုံးခံရတဲ့ ပြည်နယ်တွေက ဟူဘေး၊ ကျဲ့ကျန်း၊ ဟူနန်၊ ကွမ်တုံနဲ့ ရှန်ဟိုင်းပြည်နယ်တွေ ဖြစ်တယ်လို့လည်း ကြေညာပါတယ်။ “ဝူဟန်မြို့က ဆေးရုံတွေမှာ ဖျားနာလူနာ အယောက် တသောင်းခွဲကျော်ကို ကုသပေးနေရတယ်။ လတ်တလော ရက်နည်းနည်းအတွင်း လူနာအရေအတွက် တိုးလာတယ်”လို့ မြို့ရဲ့ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မာကို့ချင်က ပြောပါတယ်။ ဝူဟန်မှာ ခါတိုင်းနှစ်တွေက အဖျားလူနာ တရက် အယောက် ၃၀၀၀ လောက် ရှိပေမယ့် ခုတော့ တချို့ဆေးရုံတွေမှာ လူတန်းရှည်ကြီး တန်းစီနေတယ်လို့ မာက ဇန်နဝါရီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဝူဟန်မြို့တွင်း ဆေးရုံ ၆၂ ရုံမှာ ဖျားနာဆောင်တွေအတွက် ပစ္စည်းကိရိယာတွေ ထပ်ဖြည့်ထားတဲ့အတွက် အခြေအနေ ပိုကောင်းလာပြီလို့လည်း ပြောပါတယ်။ ဟူဘေးပြည်နယ် ပြည်သူ့ဆေးရုံက အသက်ရှူလမ်းကြောင်း အထူးကုဆရာဝန် ဟူခါ့က “ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကုသမှုစက်ဝန်းအရ အချိန် ၂ ပတ်ကနေ ၃ ပတ် ကြာနိုင်ပြီး ကူးစက်မှုကင်းစင်တာ သေချာစေဖို့ ဗိုင်းရပ်စ် စမ်းသပ်ချက် နှစ်ရပ်ကို ဖြတ်သန်းရပြီး တခြား စံချိန်စံညွှန်းတွေနဲ့ပါ ကိုက်ညီမှ ဆေးရုံကနေ ပေးဆင်းတယ်။ ကုသပြီး အခြေအနေကောင်းလို့ ဆေးရုံက ပြန်ဆင်းသွားတဲ့ လူနာအရေအတွက်လည်း တိုးလာပြီ”လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတို့ကလည်း သူတို့နိုင်ငံတွေအတွင်း ပထမဆုံးအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ တယောက်စီ ရှိနေပြီလို့ ဇန်နဝါရီ ၂၇ ရက်က အတည်ပြု ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up