DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဆိုသည့် ပြဋ္ဌာန်းချက်ကို ဥပဒေမူကြမ်းတွင်ပယ်ဖျက်
DVB
·
January 27, 2020
ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဆိုသည့် ပြဋ္ဌာန်းချက်ကို ဥပဒေမူကြမ်းတွင်ပယ်ဖျက်
Donate to DVB

တပ်မတော်ကာကွယ်ဦးစီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်သည်ဆိုတဲ့  မူလပြဋ္ဌာန်းချက်ကို လတ်တလော လွှတ်တော်မှာ တင်သွင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းမှာ ပယ်ဖျက်ထားတယ်လို့ သိရပါတယ်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၁၊ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၂၀(ဂ)မှာ မူလပြဋ္ဌာန်းထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်သည်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ဒီအချက်ကို ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းမှာ ပယ်ဖျက်ဖို့ ပြင်ဆင်ချက်တင်သွင်းထားပါတယ်။

ဒါအပြင် လွှတ်တော်ထဲမှာပါဝင်နေတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၂၅ ရာခိုင်နှုန်းကိုလည်း လွှတ်တော်သက်တမ်းအတိုက် အစားထိုးဖို့ ဥပဒေကြမ်းမှာ ပြင်ဆင်ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွေမှာ ပါဝင်နေတဲ့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုရာခိုင်နှုန်းကို ပြည်ထောင်စုလွှတ်တော် တတိယသက်တမ်းမှာ ကိုယ်စားလှယ်ဦးရေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ် သက်တမ်းမှာ ကိုယ်စားလှယ်ဦးရေး စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း၊ ပဉ္စမအကြိမ် သက်တမ်းမှာ ကိုယ်စားလှယ်ဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင် သွင်းရမယ်လို့ ပြင်ဆင်ထားပါတယ်။

ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက  “အဲ့တော့ all inclusive ဖြစ်ဖို့ကတော့ ၅ ရာခိုင်နှုန်းဆိုတဲ့ ရာခိုင်နှုန်းမှာ ရပ်သွားတာကို တွေ့ပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုတာ နောက်ပိုင်းလည်းထပ်ပြီးတော့ ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းကလည်း ပေါ်ပေါက်ခဲ့တာပဲ။ အခု ဒုတိယအကြိမ် သက်တမ်းမှာလည်း ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နေဆဲ။ တတိယအကြိမ်လွှတ်တော် သက်တမ်းမှာလည်း ပေါ်ပေါက်ချင် ပေါ်ပေါက်လာဦးမှာပဲ။ အချိန်တွေ၊ အခြေအနေ၊ ခေတ်တွေ၊ စနစ်တွေ ပြောင်းလာတာနဲ့အမျှ စပ်ဆက်ပြီးပြောင်းသွားဦးမှာပဲ။ အခုချိန်မှာတော့ ၅ ရာခိုင်နှုန်း ကတော့ ရှိသင့်တယ်။ ဘယ်ခေတ်ဘယ်အခါ ဘယ်လွှတ်တော်မှာပဲဖြစ်ဖြစ်ပေါ့။ ဒီလို တပ်မတော်သားကိုယ်စားလှယ်တွေရှိနေခြင်းအားဖြင့် အရပ်ဘက်နဲ့ တပ်မတော်ဘက်နဲ့ လက်တွဲပြီး ပြောရမယ့် လုပ်ငန်းတွေရှိတယ်။ နောက်ပြီး ဥပဒေပြုရေးအခန်းကဏ္ဍထဲမှာလည်း တပ်မတော်သား တွေက အတိုင်းအတာတစ်ခုထိတော့ ပါဝင်သင့်တယ်ဆိုပြီးတော့ ဒီလိုမျိုးပြင်ဆင်ရေး ပူးပေါင်း ကော်မတီက တင်ပြထားတာရှိပါတယ်” လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းတဲ့ အမည်စာရင်းအရ ခန့်အပ်ရတဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီးကို ပယ်ဖျက်ထားပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတွေကို အစားထိုးပြင်ဆင်ထားပါတယ်။

“နယ်စပ်ရေးရာဝန်ကြီးကတော့ နယ်စပ်ရေးက နယ်စပ်ရေးရာဒေသတွေ ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း လုပ်ဆောင်ရတယ်။ ဆိုလိုတဲ့သဘောက နိုင်ငံတော်လုံခြုံရေးနဲ့ တာဝန်ကို တိုက်ရိုက်ထမ်းဆောင်ရတဲ့ အနေအထားမျိုးမဟုတ်ဘူး။ နယ်စပ်ဒေသရဲ့ ဖွံ့ဖြိုးမှုကို တာဝန်ယူဆောင်ရွက်ရတဲ့ ဝန်ကြီးဌာန ဖြစ်တဲ့အတွက်ကြောင့်မို့ တိုက်ရိုက်သက်ဆိုင်တဲ့ ကာကွယ်ရေးဝန်ကြီး ဌာနဝန်ကြီးတို့၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးတို့ နောက်တစ်ခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဒီပုဂ္ဂိုလ်တွေကတော့ ပါတာပေါ့လေ။ ပါပြီးတဲ့အခါ လုပ်ငန်းသဘာဝအားဖြင့် နှစ်မျိုးနှစ်စားလုပ် ဆောင်နေရတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးကိုတော့ ဒီအဖွဲ့အစည်းထဲကနေပယ်ဖျက်ဖို့ ပေါ့ပြင်ဆင်ထားတာရှိပါတယ်” လို့လည်း ဒေါက်တာမြတ်ဉာဏစိုးက ဆိုပါတယ်။

ပူးပေါင်းကော်မတီက တင်သွင်းထားတဲ့ ဥပဒေကြမ်းတွေမှာ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ သဘောထား လုံးဝမ ပါဝင်ဘူးလို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013