DVB Logo
Home
မြန်မာသတင်း
မအူပင်က လယ်သမားများ ပုဒ်မ ၁၄၄ ဖြင့် ဟန့်တားခံရ
DVB
·
February 26, 2013
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုထဲက သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရရေး တောင်းဆိုနေတဲ့ လယ်သမား ၅၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၃၀၀ ခန့် ဒီနေ့ ထိပ်တိုက်တွေ့နေပြီး အစိုးရက လူစုခွဲဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းမှာ လယ်သမားတွေရဲ့ ဘိုးဘွားပိုင် မြေဧက ၁၀၀၀ ကျော်ကို  စစ်အစိုးရလက်ထက်မှာ သိမ်းဆည်းခဲ့ပါတယ်။

အဲဒီသိမ်းဆည်းမြေပေါ်မှာ အောချက်ကုမ္ပဏီက ရေကန်တူးပြီး ပစ်ထားတာလို့ လယ်သမားတွေက ပြောဆိုပြီး လယ်ပြန်စိုက်ဖို့ ကြိုးပမ်းရာက စုရုံးဆန္ဒထုတ်ဖော်တဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။

လယ်ယာမြေ သိမ်းဆည်းခံခဲ့ရတဲ့ ရွာ ၆ ရွာကတော့ အဒိတ်ကျေးရွာ၊ ပလောင်ကျေးရွာ၊ ပပင်းကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာနဲ့ ကွန်တိုင်းလေး ကျေးရွာတွေလို့ ဆိုပါတယ်။

လယ်သမား ၅၀၀ ကျော်က လယ်ယာမြေပြန်ရဖို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်ပြီး ဒီနေ့ထိ  စုရုံးဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က နေ့လယ် ၂ နာရီ နောက်ဆုံးထားပြီး လူခွဲရန်အမိန်ထုတ်ပြန်ခဲ့တယ်။ လူစုမခွဲရင် ပုဒ်မ ၁၄၄ အရ သေနတ်ဖြင့် ပစ်ခတ်လူစုခွဲမယ်လို့ အသံချဲ့စက်နဲ့ သတိပေးနေတယ်လို့ ဆိုပါတယ်။ တဖက်က ရဲအင်အားသုံးပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေရာရောက်နေတဲ့  လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုထွန်းနိုင်က အခြေအနေကို အခုလို ပြောပါတယ်။

“၂၁ ရက်နေ့မှာ လယ်သမားတွေက သူတို့လယ်မြေတွေကို သူတို့ပြန်စိုက်မယ်ဆိုပြီး ကန်ထဲကအမှိုက်တွေကိုရှင်းတယ်။ အဲမှာ သူတို့ကတားပြီးတော့ အခုအချိန်ထိ၊ ကန်ပေါင်မှာ လယ်သမား ၂၀၀-၃၀၀ ကျော်၊ ဒီနေ့ဆို လယ်သမား ၅၀၀ ကျော် ရှိတယ်။ သူတို့ဆီက ရဲအင်အားကလည်း အရင်နေ့တွေက၂၀၀ ကျော်နဲ့ ဒီနေ့ဆို ၃၀၀ ကျော်။ ဒီနေ့ပဲ ၁၄၄ အမိန့်ထုတ်လိုက်ပြီ။ အခုအချိန်မှာ ညှိနှိုင်းဆွေးနွေးပါမယ်လို့တော့ အရာရှိတွေက ကတိခံတယ်လေ။”

လယ်မြေဧက ၇၀ ကျော်သိမ်းဆည်းခံခဲ့ရတဲ့ ကွန်တိုင်းလေးကျေးရွာက  လယ်သမား ကိုအောင်ကျော်မင်းက လျော်ကြေးမရဘဲ သိမ်းခံရတဲ့ မြေတွေပြန်ရဖို့ ဆန္ဒပြရတာလို့ ပြောပါတယ်။

“မကြောက်ပါဘူး။ လယ်ပြန်ရဖို့ အရေးကြီးတယ်။ သတ်ရင်လည်း သေပါစေ။ သေနတ်နဲ့ချိန်တာတွေတော့ ရှိတယ်။ ကျနော်တို့ကလည်း ကောင်းကောင်းပဲထိုင်နေပါတယ်။ ပစ်ရင်လည်း ပစ်ပါစေပေါ့။”

ပလောင်ကျေးရွာသား ဦးမင်းလွင်ကလည်း ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် တောင်းဆိုချက်ရမှ ရွာပြန်မယ်လို့ ပြောပါတယ်။

“အခု သူတို့က ကျနော်တို့ကို သေနတ်တွေနဲ့ချိန်ထားပါတယ်။ မဆင်းရင်ဘဲ ပစ်တော့မလို အသံချဲ့စက်တွေနဲ့ အော်နေပါတယ်။ လယ်မရမချင်း ထိုင်နေမှာပါ။ တောင်းဆိုလို့ရမှ အိမ်ပြန်မယ်။ ကျနော်တို့ မကြောက်ပါဘူး။ ဖမ်းရင်လည်းဖမ်း၊ ပစ်ရင်လည်းပစ်၊ ထိုင်နေမှာပါ။”

လယ်သမားအရေးကူညီဆောင်ရွက်သူ ဦးထွန်းနိုင်ကတော့ နစ်နာတဲ့ လယ်သမားတွေအတွက် အစိုးရဘက်က ညှိနှိုင်းဖြေရှင်းစေချင်တယ်လို့ ပြောသွားပါတယ်။

“ကျနော့်အမြင်ပြောရရင်တော့ လယ်သမားတွေကတော့ သူတို့ကတော့ ဘိုးဘွားပိုင် လယ်မြေတွေကို ပြန်ရအောင်ယူမှာပဲလေ။ နိုင်ငံတော်အာဏာပိုင် အုပ်ချုပ်ရေးတွေအနေနဲ့ကလည်း ဥပဒေနဲ့ ဆောင်ရွက်ရမှာကို ဒီလို ၁၄၄ အမိန့်ထုတ်ပြီး လယ်သမားတွေကို အင်အားသုံးခြိမ်းခြောက်တာတော့ မလုပ်သင့်ဘူးထင်တယ်လေ။ အမှန်ကတော့ လယ်သမားတွေ၊ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးရမှာကို သူတို့ဘာသာ အစည်းအဝေးလုပ်ပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်တယ်လေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013