Homeမြန်မာသတင်း
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်
ချမ်းမြေ့မောင်
·
January 27, 2020
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ဗိုလ်တထောင်တရားရုံးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ စွဲချက်တင်လိုက်ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်အပါအဝင် ၇ ဦးကို ဇန်နဝါရီ ၂၇ ရက်နေ့ရုံးချိန်းမှာ ဗိုလ်တထောင်တရားရုံးက ပုဒ်မ ၆၆(ဃ) နဲ့ စွဲချက်တင်လိုက်တာပါ။
သံချပ်အဖွဲ့ဝင်တွေက တရားရုံးနဲ့ပူးပေါင်းဆောင်ရွက်တာမရှိဘဲ သပိတ်မှောက်ထားတဲ့ အတွက် တရားခွင်မှာ တရားသူကြီးရဲ့မေးမြန်းတာတွေကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
အခုလို ဖြေကြားခြင်းမရှိတဲ့အတွက် နောက်ရုံးချိန်းမှာ တရားရုံးရဲ့လုပ်ငန်းစဉ်အတိုင်း ဆက်သွားမှာဖြစ်တယ်လို့ တရားသူကြီးက ပြောဆိုထားပါတယ်။
အခုလို မပူးပေါင်းတာဟာ စစ်တပ်ကစွဲဆိုထားတဲ့အမှုတွေမှာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ယုံကြည်မှုမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ပြောပါတယ်။
သံချပ်အဖွဲ့ဝင်တွေကို သင်္ကြန်တွင်းသံချပ်ဖျော်ဖြေမှုတွေနဲ့ပတ်သက်ပြီး တပ်မတော်ကို ထိခိုက်စေတယ်လို့ဆိုပြီး နိုင်ငံတော်အကြည်ငြိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ နဲ့တရားစွဲဆိုထားတာပါ။
လက်ရှိမှာ သံချပ်အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ်တရားရုံးက ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ၊ ဗိုလ်တထောင်တရားရုံးက ပုဒ်မ ၅၀၅ (က) ကို ထောင်ဒဏ် ၁ နှစ်ချမှတ်ထားပါတယ်။
ဆက်လက်ပြီးတော့လည်း သံချပ်အဖွဲ့ဝင်တွေကို ဧရာဝတီတိုင်းဒေသကြီး ၄ မြို့နယ်မှာ ပုဒ်မ၅၀၅(က)၊ ၆၆(ဃ) တို့နဲ့ တရားစွဲဆိုထားပါသေးတယ်။
လက်ရှိ သံချပ်အဖွဲ့ဝင်တွေကို တရားစွဲဆိုထားတဲ့အမှုတွေမှာ တပ်မတော်ကပဲ တရားလို ပြုလုပ်ပြီး စွဲဆိုထားတာပါ။