ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း ၇ ခုကို လေ့လာစိစစ်ရန် ပူးပေါင်းကော်မတီဖွဲ့စည်း
DVB
·
January 27, 2020
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းထားတဲ့ ဥပဒေကြမ်း ၂ ခုကို လက်ခံရရှိထားပြီး လေ့လာစိစစ်ဖို့အတွက် ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ တရပ်ကို ဒီနေ့ ဖွဲ့စည်းပေးထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်ကို အသိပေး ကြေညာပါတယ်။
ဇန်နဝါရီ ၂၇ ရက်က စတင်ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဖွင့်နေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဥပဒေကြမ်း ၂ ခုကို ဇန်နဝါရီ ၂၃ ရက်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆(က)နဲ့ (ခ) ကို ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း ၂ ခုမှာ ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၁၁၂ ချက်ပါဝင်ပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အနေနဲ့ ၁၄ ရက်အတွင်း လေ့လာစိစစ်သွားရမှာဖြစ်ပါတယ်။
လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို ဒီနေ့ပဲ အမိန့်ကြေငြာစာနဲ့ ဖွဲ့စည်းပေးလိုက်ပြီ။ အဲ့ဒီမှာလည်း ပါပါတယ်။ ၁၄ ရက်အတွင်း ဆိုတော့ နှစ်ပတ်ပေါ့နော်။ အဲ့ဒီအတွင်း လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီအနေနဲ့ လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။ ပူးပေါင်းကော်မတီ အနေနဲ့ တင်သွင်းထားတဲ့ ဥပဒေကြမ်းတွေကို ပြင်ဆင်ဖြည့်စွက်ပိုင်ခွင့် မရှိဘူး။ ဥပဒေရဲ့ အနှစ်သာရပိုင်းကို လုံးဝမထိခိုက်စေပဲ ရေးထုံးပိုင်းကိုပဲ တည့်မတ်ပေးရမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
လေ့လာစိစစ်ရေးပူးပေါင်းကော်မတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးရဲ့ ထောက်ခံ လက်မှတ်နဲ့ တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ဥပဒေကြမ်း ၂ ခုနဲ့အတူ ယခင် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ ဥပဒေကြမ်း ၅ ခုကိုပါ တပါတည်း လေ့လာစိစစ်မှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)