မိုင်းလားအထူးဒေသတွင် ကိုရိုနာဗိုင်းရပ်စ် သတိပေးတားမြစ်ချက်များ ထုတ်ပြန်
DVB
·
January 27, 2020
တရုတ်နိုင်ငံမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ အတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ သတိပေးတားမြစ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။
အများပြည်သူ ကစားပျော်ရွင်ရာနေရာတွေယာယီရပ်နားလိုက်ပြီး အကပဒေသာဖျော်ဖြေတာ၊ ပျော်ပွဲရွှင်ပွဲကျင်းပတာ၊ ဘာသာရေးဆိုင်ရာပွဲတွေကျင်းပတာနဲ့ ပြည်သူများစုဝေးစေမယ့် လုပ်ရှားမှုအားလုံး ဖျက်သိမ်းဖို့ အထူးဒေ ၄ အဖွဲ့က သတိပေးတားမြစ်ချက်တွေကို ဇန်နဝါရီ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
ကိုရိုနာဗိုင်းရပ်စ်မြန်မာပြည်ဘက်ကို မရောက်လာဖို့ နယ်စပ် အဝင်အထွက်အားလုံးကို ပိတ်ထားတယ်လို့ မိုင်းလားအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်ကပြောပါတယ်။
အထူးဒေသ (၄)နဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံ နယ်စပ်မြို့တမြို့မှာ အခုရက်ပိုင်းအတွင်းက ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ တဦးတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကြောင့် မိုင်းလားဘက်မှာ ကောလာဟာလတွေများပြီး ရှုပ်ထွေးနေတယ်လို့လည်း ဦးကြည်မြင့်ကပြောပါတယ်။
လက်ရှိမှာတော့ မြန်မာဘက်ကို ဗိုင်းရပ်စ်ပိုးရှိတဲ့သူတွေ ဝင်ရောက်လာတွေမရှိအောင် နေရာအားလုံးကို ပိတ်ဆို့ကာကာကွယ်မှုတွေ အများကြီးလုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ လတ်တလော မိုင်းလားဒေသမှာ ကူးစက်ပျံ့နှံ့လွယ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူနဲ့ သံသယရှိဖွယ်လူနာ မရှိသေးပေမယ် အလေးထားပြီး ရောဂါ ကြိုတင်ကာကွယ်ဆောင်ရွက်ရ မှာဖြစ်တဲ့အတွက် သတိပေးတားမြစ်ချက် ၈ ချက်ကို ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
လူများစုဝေးစေမယ့်နေရာနဲ့ ပျော်ပွဲရွှင်ပွဲကို ပိတ်ပင်တားမြစ်လိုက်တဲ့အပြင် ရောဂါဖြစ်ပွားရာ တရုတ်နိုင်ငံကနေ လာရောက်တဲ့သူတွေကို တားမြစ်ထားမှာဖြစ်ကြောင်းနဲ့ ဟိုတယ်၊ တည်းခိုခန်းနဲ့ ကွန်ဒိုတွေမှာ ရောဂါဖြစ်ပွားရာဒေသကနေ လာရောက်သူတွေကို စစ်ဆေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြို့မဈေးနဲ့ စားသောက်ဆိုင်တွေမှာ တောရိုင်းတိရိစ္ဆာန်ရောင်းချတာတွေ မပြုလုပ်ဖို့၊ ဆေးရုံဆေးခန်းနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ချောင်းဆိုး၊ ကိုယ်ပူ၊ အသက်ရှုခက်တဲ့သူတွေ့ရှိပါက ကျန်းမာရေးဦးစီးဌာနကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
အလားတူ “ဝ”အထူးဒေသအဖွဲ့ကလည်း ကိုယ်ပူချိန်မြင့်မားတဲ့ သံသယလူနာတွေကို "ဝ" ဒေသထဲကို ဝင်ခွင့်မပြုဖို့၊ KTV တွေနဲ့ လူသွားလူလာများတဲ့နေရာကို ခေတ္တပိတ်ထားဖို့စတာတွေ သတိပေးထားတဲ့ ကြေညာချက် မနေ့က ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၂၇ ရက်မှာ အယောက် ၈၀ ကျော်ထိ တိုးသွားပြီလို့ တရုတ်မြို့တော် ပေကျင်းက ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာတဝန်း ရောဂါကူးစက်ခံ လူဦးရေဟာ ခုတော့ ၂၈၀၀ ကျော်ရှိသွားပြီဖြစ်လို့ ကူးစက်မှု စတင်ရာ ဝူဟန်မြို့နဲ့ တခြားတရုတ်မြို့တွေ အတော်များများတို့ ကူးလူးသွားလာမှုကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပါတယ်။