မိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၅ ဦး ဖမ်းမိ
DVB
·
January 27, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် နားကောင်းမူးရွာမှာ ဇန်နဝါရီ ၂၇ရက် တရက်တည်း ယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၅ ဦးကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
နားကောင်းမူးကျေးရွာမှာ မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု ၉ မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာမှ WY စိတ်ကြွဆေးပြား ၄၄၇၁ ပြားနဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ အဖြူရောင်အမှုန့် ၁၆ ဒသမ ၉၃ ဂရမ်နဲ့ မူးယစ်ဆေးဝါးရောင်းချရငွေလို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ ၆၉၀၀ ကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်အထူးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
“သတင်းအရစောင့်ကြည့်ပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ ရောင်းဝယ်ပြုလုပ်သူ ၃ ဦးနဲ့ သုံးစွဲသူနှစ်ဦးကို နေရာ ၅ နေရာကနေ ဖမ်းဆီးရမိခဲ့တာ။”
နားကောင်းမူးရွာနေ ဒေါ်နန်းဥ နေအိမ်မှ wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၁၀၀ ပြား၊ ဘိန်းဖြူလို့ယူဆရတဲ့ အဖြူရောင်အမှုန့် ၁၅ ဂရမ်၊ ထိုင်းဘတ်ငွေ ၂၄၀၀၊ မအီမွန် နေအိမ်မှ စိတ်ကြွဆေးပြား ၂၁၅၀ ပြား၊ ဘိန်းဖြူလို့ယူဆရတဲ့ အဖြူရောင်အမှုန့် ဝ ဒသမ ၅ ဂရမ်၊ ထိုင်းဘတ်ငွေ ၃၅၀၀၊ အိုက်မြင့် ရဲ့ အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ၁၉၄ ပြားနဲ့ ဘိန်းဖြူလို့ယူဆရတဲ့ အဖြူရောင်အမှုန့် ၁ ရမ်၊ ကျရှဲထံမှ ပန်းရောင်စိတ်ကြွဆေးပြား ၂၇ ပြားနဲ့ အဖြူရောင်အမှုန့် ၀ ဒသမ၄ ဂရမ်၊ စောခန့်ဝင်း ခေါ် ကျွဲကြီးထံမှ ဘိန်းဖြူလို့ယူဆရတဲ့ အဖြူရောင်အမှုန့် ဝ ဒသမ ၀၃ ဂရမ်တို့ကို အသီးသီးလက်ဝယ်တွေ့ရှိ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ္။
နားကောင်းမူးနယ်မြေရဲစခန်းက ၅ ဦးလုံးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အောင်ဇေယျ