Home
မြန်မာသတင်း
အမျိုးသားအကျိုးစီးပွားကိုလည်ပင်းကြိုးကွင်းစွပ်မည့် အိုင်စီဂျေဆုံးဖြတ်ချက် ကြံ့ခိုင်ရေးပါတီ လက်မခံ 
DVB
·
January 27, 2020
83323521_1041122886266779_7240944802378809344_o
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)ရဲ့ ဆုံးဖြတ်တွေအပေါ် လက်မခံနိုင်ဘူးလို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာမှာ ဇန်နဝါရီ ၂၆ ရက်က ကျင်းပတဲ့ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့တာပါ။  “အိုင်စီဂျေက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် လက်မခံနိုင်ပါဘူး။ လက်မခံနိုင် ကြောင်း ဒီမှာတရားဝင် ပြောတယ်။ ဒါက ကျနော်တို့မှာ လုပ်ပိုင်ခွင့်မရှိသေးတဲ့အခြေအနေ အချိန်အ ခါမှာ ကျနော်တို့ရဲ့သဘောထား။ ကျနော်တို့ရဲ့သဘောထားကလည်းပဲ တိုင်းပြည်မှာရှိတဲ့လူဦးရေ ၅၂ သန်းထဲက လက်တဆုပ်စာ အမျိုးသားသစ္စာဖောက်များကလွဲ၍ ကျန်တဲ့အားလုံးက ကျနော်တို့နဲ့ တထပ်တည်း ရှိနေမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ” ဒါ့အပြင် အခုလက်ရှိပြောနေတဲ့ စကားတွေဟာ အမှတ်တမဲ့ ပြောနေခြင်းမဟုတ်ကြောင်းနဲ့ အဲဒီစကားကို တာဝန်ယူကြောင်းလည်း ပြောပါတယ်။ “ဥပဒေကြောင်းအရ မည်သို့ပင်ရှိစေကာမူ နိုင်ငံတခုကို တာဝန်ယူမယ်ဆိုရင် စောစောက ပြောတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို ဦးစားပေးဖို့မလိုဘူးလား။ ဆိုတော့ ဒီခုံရုံးကို သွားတုန်းကလည်း နိုင်ငံတော်နဲ့နိုင်ငံသားအမျိုးသားအကျိုးစီးပွားအတွက်ကို သုံးပြီးတော့ ချီတက်သွားတာဖြစ်ပါတယ်။ ဒီနေ့ အဲဒီက ချမှတ်လိုက်တဲ့ဥစ္စာက အမျိုးသားအကျိုးစီးပွားအတွက် အကျိုးပြုမှာလား၊ အမျိုးသားအကျိုးစီးပွားကို လည်ပင်းကြိုးကွင်းစွပ်မယ့်ကိစ္စလား။ ကြိုးကွင်းစွပ် မယ့် ကိစ္စဖြစ်တယ်။” မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ တာဝန် ပျက်ကွက်တယ်ဆိုပြီး ဂမ်ဘီယာကစွပ်စွဲထားတာနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့က  နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က တရားရုံးမှာ တရားသူကြီးတွေက ကြားဖြတ်အစီအမံ အချက် ၄ ချက်ကို သဘာတူ အမိန့်ချမှတ်ခဲ့ပါတယ်။  ကြားဖြတ်အစီအမံတွေထဲမှာ မြန်မာနို်ငငံအနေနဲ့ ဂျီနိုဆိုက်သဘောတူညီချက်ကို လိုက်နာ ရမယ့်တာဝန်တွေကို  ဆောင်ရွက်ဖို့၊ မြန်မာအနေနဲ့ ရိုဟင်ဂျာတွေအပေါ် တပ်မတော်နဲ့ ပြည်သူ့စစ်တွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ မကျူးလွန်အောင် ဆောင်ရွက်ပေးဖို့၊ သက်သေ အချက်အလက်တွေကို မဖျောက်ဖျက်ဖို့၊ မြန်မာအနေနဲ့ တရားရုံးက ဆုံးဖြတ်ချက်ချတဲ့နေ့စပြီး တရားရုံးကို အစီရင်ခံစာ ၄ လအတွင်းတင်သွင်းဖို့နဲ့ ဂျီနိုဆိုက်အမှုစစ်ဆေးဆဲကာလမှာ  ၆ လတကြိမ် အစီရင်ခံစာ တင်သွင်းဖို့တွေ ပါဝင်ပါတယ်။  ဓာတ်ပုံ- USDP
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024