DVB Logo
Home
မြန်မာသတင်း
ကုန်ပစ္စည်းအမယ်ပေါင်း ၃၀၀ ကျော် လိုင်စင်မလိုဘဲ တင်သွင်းနိုင်မည်
DVB
·
February 26, 2013
Donate to DVB

ကုန်ပစ္စည်းအမယ်ပေါင်း  ၃၀၀ ကျော် ကြိုတင်ပြီး လိုင်စင်လျှောက်စရာမလိုဘဲ တင်သွင်းနိုင်ပြီလို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။

အရေးကြီး ကန့်သတ်ကုန်တချို့ကလွဲပြီး ကုန်ပစ္စည်းအတော်များများကို မတ်လ ၁ ရက်နေ့ကစပြီး တင်သွင်းခွင့်ပြုလိုက်တာလို့ စီးပွားကူးသန်းဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၄ လလောက်ကစပြီး ပို့ကုန်သွင်းကုန် အမြောက်အများရှိတဲ့အထဲကနေ automatic လိုင်စင်စနစ်ဖြစ်တဲ့ ချက်ချင်းလာလျှောက်၊ ချက်ချင်းပြန်ထုတ်ပေးတဲ့ စနစ်ကို စအကောင်အထည်ဖော်ခဲ့တယ်။ အဲပို့ကုန်သွင်းကုန် အမယ်တွေကတော့ ၁၅၂ မျိုးနဲ့ ၁၆၆ မျိုး ဒါတွေအားလုံးကို automatic လိုင်စင်စနစ်နဲ့ လျှောက်ထားလို့ရပြီဆိုပြီး ကြေညာတယ် အဲအတိုင်း စကျင့်သုံးတယ်။ ထိုက်သင့်တဲ့အတွေ့အကြုံရလာတဲ့အချိန်မှာ ဒုတိယအဆင့်အနေနဲ့ အဲဒီ automatic လိုင်စင်စနစ်နဲ့ ပေးနေတဲ့ ကုန်ပစ္စည်းတွေကို ကြိုတင်လိုင်စင်လျှောက်စရာမလိုဘဲ ဆိပ်ကမ်းကို ပစ္စည်းရောက်မှသာ ၀ယ်သူက ဒီပစ္စည်းကို ကြေညာ၊ အစစ်ခံ၊ ထိုက်သင့်တဲ့အခွန်ပေးပါ။ အဲဒီ စနစ်ကို ဒုတိယအဆင့်အနေနဲ့ ပြောင်းပေးလိုက်တယ်။”

အရေးကြီး ကုန်ပစ္စည်းတချို့နဲ့ ကန့်သတ်ထားဆဲဖြစ်တဲ့ အရက်၊ ဘီယာနဲ့ စီးကရက်တို့ တရားဝင် တင်သွင်းနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

“သွင်းကုန်နဲ့ပတ်သက်ရင် မော်တော်ကားလို၊ ဘိလပ်မြေလို၊ သံချောင်းလို၊ လျှပ်စစ်ပစ္စည်းတွေလို ဟာမျိုးတွေကို လက်ရှိအနေအထားမှာလည်း automatic လိုင်စင်စနစ်နဲ့ မပေးသေးဘဲနဲ့ non-automatic လိုင်စင်စနစ်နဲ့၊ ပုံမှန်နဲ့ပဲဆက်သွားနေတယ်။ ဘယ်လောက်မှန်မှန်ကန်ကန် အခွန်ပေးဆောင်နိုင်မလဲ၊ ဘယ်လောက်မှန်မှန်ကန်ကန်လုပ်ပေးနိုင်မလဲဆိုတာပေါ် မူတည်ပြီး တဆင့်ပြီးတဆင့် ဆက်သွားရမယ့် အနေအထားပါ။ ကျနော်တို့နိုင်ငံမှာ တရားဝင် ပိတ်ပင်ထားတာ ၃ မျိုး ကျန်ပါတယ်။ အရက်၊ ဘီယာနဲ့ စီးကရက်။ ဒါတွေကိုတော့ လက်ရှိ သက်ဆိုင်ရာ ၀န်ကြီးဌာန အထူးသဖြင့် ဘဏ္ဍာအခွန်၊ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ပြည်ထဲရေး။ ဒီဝန်ကြီးဌာန ၃ ခုနဲ့ အပြီးသတ်ဆွေးနွေးဖို့ ကျန်နေသေးတယ်။ ပြီးရင်တော့ အဲ ၃ မျိုးကိုလည်း ကန့်သတ်ကုန်အဆင့်ကနေ ဖြေလျှော့ပေးမှာဖြစ်တယ်။”

အရက်၊ ဘီယာနဲ့ စီးကရက်တို့ တင်သွင်းဖို့အတွက် ပေးဆောင်ရမယ့် အခွန်နှုန်းထားတွေကတော့ တခြားနိုင်ငံတွေလိုပဲ အခွန်နှုန်းမြင့်လိမ့်မယ်လို့ ဆိုပါတယ်။

အရက်၊ ဘီယာနဲ့ စီးကရက်တို့ တင်သွင်းရာမှာ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ မျှော်မှန်းလုပ်ဆောင်ဖို့ ရှိတာတွေကိုလည်း သူက ခုလို ပြောပါတယ်။

“ကျနော်တို့ မျှော်မှန်းတာက သက်ဆိုင်ရာထုတ်လုပ်တဲ့ ပစ္စည်း၊ ထုတ်လုပ်တဲ့ကုမ္ပဏီများရဲ့ Dealer ဒါမှမဟုတ် Distributor ဆိုတဲ့ ကိုယ်စားလှယ်ရယူဖို့ကို ကိုယ်စားလှယ်တွေကို တွန်းအားပေးမှာဖြစ်တယ်။ ပထမအဆင့်အနေနဲ့ အရက်၊ ဘီယာနဲ့ စီးကရက်တင်သွင်းခွင့်ပေးမယ်။ ကျနော်တို့ မှန်းတာကတော့ တင်သွင်းခွင့်ရလာရင် ပြည်တွင်းကဘယ်သူမဆို ကိုယ်စားလှယ်ရဖို့ နောက်တဆင့်ကြိုးစား လာမှာပါ။ ကြိုးစားလာတဲ့ Distributorနဲ့ Dealer အဆင့်ကို မှန်းပြီးတော့ သူတို့ရဲ့အကူအညီနဲ့ ကျနော်တို့က တရားမ၀င်ကုန်သွယ်မှု တနည်းအားဖြင့် တရားမ၀င်ဝင်ရောက်မှုကို ထိန်းချုပ်ဖို့ စီမံတာဖြစ်ပါတယ်။”
အရေးကြီးကုန်ပစ္စည်းတချို့ကလွဲပြီး ကျန် ကုန်ပစ္စည်း အားလုံးလောက်နီးနီး လာမယ့် ဧပြီ ၁ ရက်မှာ စတင်မယ့် ဘတ်ဂျက်နှစ်အတွင်း လိုင်စင်မလိုဘဲ တင်သွင်းနိုင်ဖို့ စီးပွားကူးသန်းက အပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013