မော်လမြိုင်ကျွန်းတွင် စက်လှေ ၂ စီး တိုက်မှုကြောင့် ၁ ဦး သေဆုံး
DVB
·
January 26, 2020
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ရေယာဉ်တိုက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတံခါးကျေးရွာအနီး မျောချောင်းအတွင်း ဇန်နဝါရီ ၂၅ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က လှိုင်းဘုန်းကျေးရွာမှ ရေတံခါးကျေးရွာဘက်ကို တင့်နိုင်ဝင်း မောင်းနှင်လာတဲ့ အလျား ၃၃ ပေ၊ အနံ ၆ ပေ၊ ရေစူး ၃ ပေခန့်ရှိ သစ်သားခွံစက်လှေနဲ့ ရေတံခါးကျေးရွာမှ လှိုင်းဘုန်းကျေးရွာဘက်ကို ထွန်းထွန်းနိုင် (၄၃) နှစ်မောင်းနှင်လာတဲ့ အလျား ၁၀ တောင်၊ အနံ ၂ ပေခွဲ၊ ရေစူး ၁ ပေခန့်ရှိ ဖိုက်ဘာစက်လှေတို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါစက်လှေတိုက်မှုကြောင့် ထွန်းထွန်းနိုင်မှာ ဦးခေါင်း ပေါက်ပြဲ၊ မျက်နှာညိုမဲ၊ ယာပါးဖူရောင်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့လို့ လှိုင်းဘုန်းကျေးရွာ ဆေးရုံကို ပို့ဆောင်ကုသစဉ်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
တင့်နိုင်ဝင်း (ဖမ်းမိ) နဲ့ ထွန်းထွန်းနိုင် (သေဆုံး) တို့ ၂ ဦးအား လှိုင်းဘုန်းနယ်မြေရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၀၄-က (ရေယာဉ်ပေါ့လျော့စွာ မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် လူသေမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။